ခိုးမှု

A d v e r t i s e m e n t With Us

May 12, 2020

ပဲခူးမြို့တွင် လုယက်မှု၊ ခိုးမှုများ ခပ်စိပ်စိပ်ဖြစ်လာသဖြင့် ဒေသခံများစိုးရိမ် 

COVID-19 ကပ်ရောဂါဘေးကာလ ပဲခူးမြို့မှာ လုယက်မှု၊ ခိုးမှုတွေ ခပ်စိပ်စိပ် ဖြစ်လာတဲ့အပြင် မေလ ၁၁ ရက် နေ့လယ်ပိုင်းက ရွှေဆိုင်တဆိုင် လုယက်ခံ လိုက်ရပါတယ်။ မနေ့ နေ့လယ်ပိုင်းက ပဲခူးမြို့ သနပ္ပင်လမ်း ဘုရားဈေးနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ယု ရတနာရွှေဆိုင်တဆိုင်မှာ လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအရင် ရက်ကလည်း ပဲခူးမြို့အထွက် ကလိ မီးရထားသံလမ်းကုန်းနားမှာ ကားသမားတွေကို မနက် ၄ နာရီမထိုးခင်းအချိန်လောက်မှာ ရိုက်နှက်ပြီး ငွေကျပ် ၁၅ သိန်းလောက် အလုအယက်ခံလိုက်ရသေးတယ်လို့ ပဲခူးတိုင်း ဒေသကြီးလွှတ်တော် ပဲခူးမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁  လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေက ပြောပါတယ်။ ဒါ့အပြင် ဆိုင်ကယ်အခိုးခံ ရတာတွေလည်းဒီရက်ပိုင်းမှာ အများအပြား ဖြစ်နေပါတယ်။ ဒီလုယက်သူတွေဟာ ပြည်သူတွေ လိုက်လံဖမ်းဆီးတဲ့အခါ လမ်းကြောင်း ကျွမ်းကျင်ပြီး ပျောက်သွားတဲ့အတွက် ဒီလူတွေက ခိုးဆိုးနှိုက်ဂိုဏ်းကဖြစ်နိုင်သလို ဒေသခံလည်း ဖြစ်နိုင်တယ်လို့ မြို့ခံ‌တွေက ပြောပါတယ်။      ယု ရွှေဆိုင်ပိုင်ရှင်ရဲ့ ညီမဖြစ်သူ ဒေါ်နွယ်နီ က “မေလ ၁၁ ရက်နေ့ နေ့လည်က အမည်မသိ လူတယောက်က ဆိုင်ကယ်စက်မသတ်ပဲ ဆိုင်ရှေ့ရောက်လာပြီး ဆိုင်ဘယ်အချိန်ပိတ်လည်းလို့ မေးပြီး သူ့ရဲ့အင်္ကျီထဲမှာ အသင့်ပါလာတဲ့ ရဲတင်းနဲ့ ရွှေရောင်းဖို့ထည့်ထားတဲ့ မှန်ပေါင်ကို ထုခွဲပြီး ဝင်လုသွားခဲ့တာ”လို့ ပြောပြပါတယ်။ အဲဒီလုယက်သူမှာ ဆိုင်ရှင်ရဲ့ညီမနဲ့ လုံးထွေးသတ်ပုတ်စဉ် မှန်ပေါက်ကွဲရှလို့ သူ့ရဲ့လက်မှာ ဒဏ်ရာရသွားပြီး ရွှေကတော့ တမတ်သားဝန်းကျင် ရွှေဆွဲကြိုး ၃ ကုံး နဲ့ ဆွဲသီးတခု ပါသွားတယ်လို့ သိရပါတယ်။  အဲဒီလုယက်သူကို ပဲခူးမြို့ မြို့မရဲစခန်းက ရာဇသက်ကြီး ဥပဒေပုဒ်မ ၃၈၂ နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်။  ပဲခူးတိုင်း ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်မင်းအောင်က “ရဲတပ်ဖွဲ့အနေနဲ့ကတော့ ပဲခူး တတိုင်းလုံးမှာရှိတဲ့ မြို့ပေါ်လူပြတ်တဲ့ နေရာတွေမှာ လှည့်ကင်း ဝပ်ကင်းတွေလုပ်ဖို့ ဈေးတွေက ရွှေဆိုင်တွေနားမှာဆိုရင်လည်း အရပ်ဝတ်နဲ့ လူမသိအောင် ရပ်ကင်းတွေလည်း ချထားပြီး တတိုင်းလုံးက မြို့တွေမှာ အရပ်ဝတ်တွေနဲ့ ရပ်ကင်းဝပ်ကင်းတွေ ချထားကာ လုံခြုံရေးကို အထူးဆောင်ရွက်နေတယ်”လို့  ပြောပါတယ်။ ပဲခူးမြို့ပေါ်မှာ အခုလို လုယက်မှုတွေ ခိုးမှုတွေ နေ့ခင်းကြောင်တောင် ရွှေဆိုင်တွေ အလုခံရတဲ့ အခြေအနေ အထိ ဖြစ်လာတဲ့အတွက် လုံးခြုံမှု မရှိတော့ဘူးဆိုပြီး ဒေသခံတွေကြားမှာ စိုးရိမ်နေပါတယ်။   သတင်း - အောင်စိုးမိုး 
10 months Ago

April 11, 2020

ပုသိမ်မြို့ပေါ်တွင် ခိုးမှု၊ လုယက်မှုများ မဖြစ်စေရန် လုံခြုံရေး ပိုမိုတင်းကျပ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်မှာ ခိုးမှု၊ လုယက်မှုတွေ မဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ စက်ရုံအလုပ်ရုံတွေနဲ့ ပုံမှန်လည်ပတ်နေတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာတွေရှိတာကြောင့် အလုပ်လက်မဲ့တွေ များပြားလာပြီး ရုံးပိတ်ရက်ရှည်လာတာတွေ သွားတိုက်ဆိုင်ချိန်မှာ ခိုးမှု၊ လုယက်မှုတွေ ဖြစ်နိုင်တဲ့အတွက် အခုလို လုံခြုံရေးကို တိုးမြင့်ဆောင်ရွက်တာလို့ ဧရာဝတီတိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးသန့်ကျော်က ပြောပါတယ်။ “ခိုးမှုတွေ၊ လုယက်မှုတွေ အကြမ်းဖက်မှုတွေပေါ့နော်၊ ဒီလိုမျိုးတွေ ဖြစ်ပေါ်နိုင်တာတွေ ရှိတဲ့အတွက် လှည့်ကင်းတွေ၊ ရပ်ကင်းတွေ၊ ဝပ်ကင်းတွေကို ပိုမိုတိုးမြှင့်ပြီး ဆောင်ရွက်နေတာ ရှိပါတယ်။ ဆောင်ရွက်နေတဲ့နေရာမှာ ပုသိမ်မြို့ပေါ်မှာ ၁၅ ရပ်ကွက်ရှိတဲ့အတွက် အပိုင်လိုက်ခွဲပြီး ဆောင်ရွက်နေတာရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ သင်္ကြန်ရုံးပိတ်ရက်ကာလအားလုံး နားရက်မယူဘဲ အချိန်ပြည့် လုံခြုံရေးကိစ္စတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပုသိမ်သူပုသိမ်သားအားလုံး တရားဥပဒေစိုးမိုးမှုအောက်မှာ စိတ်အေးချမ်းစွာ နေထိုင်ပြီး COVID ကာလကို အောင်မြင်စွာကျော်ဖြတ်နိုင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး တဦးချင်း ကာကွယ်ရေးကိစ္စတွေ ဆောင်ရွက်သွားကြဖို့လည်း ရဲမှူးကြီးမျိုးသန့်ကျော်က တိုက်တွန်းလိုက်ပါတယ်။
11 months Ago
Up