ခိုက်ရန်ဖြစ်ပွားမှု

A d v e r t i s e m e n t With Us

August 28, 2020

ဂရိနိုင်ငံ ခိုက်ရန်ဖြစ်ပွားမှု၌ အမှားမရှိခဲ့ဟု ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းယားပြော

ဂရိနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ရန်ပွဲမှာ အမှားမရှိခဲ့ကြောင်း မန်ယူနောက်ခံလူ မက်ဂွိုင်းယားက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။  မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့အပတ်က ဂရိနိုင်ငံ မိုက်ကွန်နို့စ်ကျွန်းမှာ တခြားနိုင်ငံခြားသားအဖွဲ့နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကိုလည်း တိုက်ခိုက်ခဲ့တာကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၂၁ လကျခံခဲ့ရပါတယ်။  အဲဒီရန်ပွဲနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ တောင်းပန်စရာမလိုဘူးလို့ ခံစားရကြောင်း၊ တောင်းပန်တယ်ဆိုတာက အမှားလုပ်သူတွေကသာ လုပ်ဆောင်ရမှာဖြစ်ပြီး ရန်ပွဲမှာပါဝင်ပတ်သက်ခဲ့တာကိုပဲ နောင်တရခဲ့တယ်လို့ မက်ဂွိုင်းယားက ပြောပါတယ်။  မိမိက ကမ္ဘာ့အကြီးမားဆုံးကလပ်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်နေတာကြောင့် အဆိုပါရန်ပွဲအခြေအနေက ခက်ခဲသွားခဲ့ပြီး ပရိသတ်တွေနဲ့ အသင်းကိုပါ ထိခိုက်စေခဲ့တယ်လို့ မက်ဂွိုင်းယားက ပြောပါတယ်။  ပြီးခဲ့ရာသီကမှ လက်စတာကနေ ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းယားဟာ ဇန်နဝါလက ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ 
6 months Ago

June 7, 2020

လက်ပံတန်းတွင် ခိုက်ရန်ဖြစ်ပွားမှုကို သွားရောက်ဖြေရှင်းပေးသည့် ဒုရဲအုပ် ၁ ဦး ဓားထိုးခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မှော်အင်းကျေးရွာအုပ်စု မှော်အင်းရဲကင်းက ဒုရဲအုပ်တဦး ဇွန် ၆ ရက်နေ့ညက ဓားထိုးခံရတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင် ကုသထားရတယ်လို့ မြို့နယ်ရဲစခန်းက ပြောပါတယ်။ ကြို့ပင်စခန်းကျေးရွာက ဦးတင်စိုး ကြက်ခြံမှာ ဆိုင်ကယ်မီးထိုးခဲ့မိတာနဲ့ပက်သက်ပြီး ခိုက်ရန်ဖြစ်ပွားတာကို သွားရောက်ဖြေရှင်းပေးရာမှာ ဓားထိုးခံခဲ့ရတာလို့ သိရပါတယ်။ ဒုရဲအုပ်နိုင်ဝင်းက ရန်မဖြစ်ဖို့ ပြောဆိုတားမြစ်တာကို ဇော်ထက်ပိုင်က အသင့်ပါလာတဲ့ ဓားနဲ့ ထိုးပြီး မောင်မောင်၊ ဇော်ထက်ပိုင်၊ စိုးမင်းထွန်း(ခ) ဆံရှည်နဲ့ ဖြိုးသက်ခိုင်(ခ)ဖြိုးလေး၊ ခိုင်ကျော်ကျော်(ခ)ချစ်ချစ် တို့က ဝိုင်းဝန်းထိုးကြိတ်၊ ရိုက်နှက်တာတွေ ပြုလုပ်ခဲ့ကြတာလို့ လက်ပံတန်းမြို့မရဲစခန်း တာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။  ဒုရဲအုပ်နိုင်ဝင်းမှာ ယာဘက်ကုပ်မှာ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်မှာ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံမှာ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်အုံမှာ ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေကြောင့် လက်ပံတန်းဆေးရုံမှတဆင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။ ဒုရဲအုပ်နိုင်ဝင်းကို တာဝန်ထမ်းဆောင်နေစဉ်မှာ ပြင်းထန်နာကျင်ဒဏ်ရာတွေ ရရှိအောင် ရန်ပြုခဲ့ကြသူတွေကို လက်ပံတန်းမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်မျိုးထွဋ်က တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၃၃၊ ၃၂၆ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ ခိုင်ကျော်ကျော် (ခ) ချစ်ချစ် နဲ့ စိုးမင်းထွန်း(ခ) ဆံရှည်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မောင်မောင်၊ ဇော်သက်ပိုင်၊ ဖြိုးသက်ခိုင်(ခ)ဖြိုးလေး တို့ကို ဖမ်းဆီးရမိဖို့ လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေနေတယ်လို့ သိရပါတယ်။ ဝဏ္ဏထွန်း
9 months Ago
Up