ခါးရိုးဝန်မပိစေရေး

July 16, 2015

လေကြောင်းခရီးသည်များအတွက် ခါးရိုးဝန်မပိစေရေး စက်ရုပ်ဝတ်စုံ

ဂျပန်နိုင်ငံရဲ့စက်ရုပ်တည်ထွင်ရေးကုမ္ပဏီ ဆိုက်ဘာဒိုင်းဟာ အိတ်သယ်သူတွေနဲ့ လေကြောင်း ခရီးသည်တွေအဖို့ ခါးရိုးပေါ် ၀န်မပိစေရအောင် ထောက်ကူမယ့် စက်ရုပ်ဝတ်စုံတွေကို တိုကျိုမြို့ ဟာနယ်ဒါလေဆိပ်မှာ ထောက်ပံ့ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဆုကုဘတက္ကသိုလ်ရဲ့ သီးခြား ကုမ္ပဏီခွဲဖြစ်တဲ့ ဆိုက်ဘာဒိုင်းနဲ့ ဟာနယ်ဒါလေဆိပ်က ဂျပန်လေဆိပ်ထိန်းသိမ်းရေး ကုမ္ပဏီတို့က ဆိုက်ရောက်/ထွက်ခွာ ခရီးသည်စုရပ်တွေမှာ စက်ရုံတွေကို စပြီးသုံးစွဲဖို့ သဘောတူ လက်မှတ်ရေးထိုးပြီးပြီလို့ ဆိုပါတယ်။ နှစ်မျိုးစပ် ထောက်ကူစက်ရုပ်ခြေလက်လို့ခေါ်တဲ့ စက်ရုပ်ဝတ်စုံ HAL မှာ ကွန်ပျူတာ၊ မော်တာတွေ၊ လူတယောက်က ခါးအားသုံးပြီး လှုပ်ရှားနေချိန်မှာ ဦးနှောက်ကလာတဲ့ အာရုံကြော အချက်ပြလျှပ်စစ်တွေကို ထောက်လှမ်းမယ့် ဆင်ဆာတွေ တပ်ဆင်ထားပါတယ်။ အချက်ပြတွေကို ထောက်လှမ်းမိတာနဲ့ လူ့လှုပ်ရှားမှုကို ထောက်ကူဖို့ ကွန်ပျူတာက သက်ဆိုင်ရာ မော်တာကို နှိုးပေးလိုက်မှာ ဖြစ်ပါတယ်။ “ဒီစက်ရုပ်ဝတ်စုံက လူ့နာ့ဗ်ကြောစနစ်ရဲ့ အချက်ပြတွေကို ထောက်လှမ်းပြီး ခါးလှုပ်ရှားမှုကို ထောက်ကူပေးပါတယ်။ ၀တ်စုံက ပေါ့ပါးပြီး ကျစ်လျစ်သလောက် ဘယ်လောက် ထောက်ကူရမယ်ဆိုတာ အလိုလိုချိန်ညှိပြီး လူ့ခါးပေါ် သက်ရောက်နေတဲ့ ၀န်ကို လျှော့ချပေးပါတယ်။” လို့ ဆိုက်ဘာဒိုင်းကုမ္ပဏီရဲ့ စီအီးအိုလည်းဖြစ်၊ တီထွင်သူလည်းဖြစ်တဲ့ ယိုရှီယူကီဆန်ကိုင်းက ဆိုပါတယ်။ ခါးရိုးထောက်ကူပုံစံ HAL ၀တ်စုံဟာ အလေးချိန် ၃ ကီလိုဂရမ်သာရှိပြီး တခါအားသွင်းထားရုံနဲ့ ၃ နာရီထိ အလုပ်လုပ်နိုင်ပါတယ်။ ဆိုင်ဘာဒိုင်းဟာ ကိုယ်တိုင် ဓာတ်လှေကားစီးပြီး အထပ်ပေါင်းများစွာက ကြမ်းပြင်တွေကို သန့်ရှင်းပေးနိုင်မယ့် သန့်ရှင်းရေး စက်ရုပ်တွေကို ထောက်ပံ့ဖို့နဲ့ ကီလို ၂၀၀ ရှိတဲ့ အိတ်တွေကို သယ်ပေးနိုင်မယ့် မောင်းသူမဲ့ စက်ရုပ်တွေကို တင်သွင်းဖို့ကိုလည်း စီစဉ်ထားပါတယ်။ သက်ကြီးရွယ်အို လူဦးရေ တိုးတက်လာမှုနဲ့အတူ အလုပ်လုပ်နိုင်စွမ်းရှိသူ ဦးရေ ကျဆင်းလာတဲ့ ဂျပန်နိုင်ငံမှာ ဒီလေဆိပ်ဟာ အနာဂတ် လူ့အသိုင်းအ၀ိုင်းမှာ စက်ရုပ်တွေရဲ့ တွင်ကျယ်မှုကို စမ်းသပ်နိုင်မယ့် အကောင်းဆုံး နေရာတခုဖြစ်တယ်လို့ ဆန်ကိုင်းက ဆိုပါတယ်။ “လေဆိပ်ဆိုတာ တကယ်တော့ အသေးစား လူနေရပ်ကွက်တခုပါပဲ။ ဒီလေဆိပ်မှာ ကျနော်တို့ရဲ့ စက်ရုပ်တွေကို စသုံးဖို့နဲ့ လေဆိပ်တွင်း လူမှုအသိုင်းအ၀ိုင်းနဲ့အတူ သူတို့ကို ဖွံ့ဖြိုးအောင်လုပ်ရင် ပိုမို သာယာဝပြောတဲ့ လူ့အသိုင်းအ၀ိုင်း ဖြစ်လာရမယ်ဆိုတဲ့ ကျနော်တို့ရဲ့ အိပ်မက်ဟာ နီးစပ်လာမှာ ဖြစ်ပါတယ်။ ဒီတော့ ဒီလေဆိပ်ကနေ ပိုမိုတောက်ပတဲ့ အနာဂတ်ကို စပြီး ဖန်တီးနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။” လို့ ဆန်ကိုင်းက ဆိုပါတယ်။ ဆိုက်ဘာဒိုင်းက ၆ လ စမ်းသပ်ကာလအတွင်း ဟာနယ်ဒါလေဆိပ်ကို စက်ရုပ်ဝတ်စုံ ၃ စုံ၊ သန့်ရှင်းရေးစက်ရုပ် ၅ ရုပ်နဲ့ လုပ်သားစက်ရုပ် ၃ ငှားရမ်းပေးသွားမှာပါ။ စဦးပိုင်း ရလဒ်တွေပေါ်မူတည်ပြီး စက်ရုပ်အရေအတွက်ကို တိုးမြှင့်သွားမှာဖြစ်တယ်လို့ ဆိုက်ဘာဒိုင်းက ဆိုပါတယ်။  
6 years Ago
Up