ခါလီဖာဟက်ဖ်တာ

April 6, 2019

တပ်မှူး ခါလီဖာဟက်ဖ်တာ၏ တပ်ဖွဲ့ ထရီပိုလီတောင်ပိုင်းကို ချီတက်လာ

တပ်မှူး ခါလီဖာဟက်ဖ်တာ ကွပ်ကဲတဲ့ လစ်ဗျားအရှေ့ပိုင်း တပ်ဖွဲ့တွေဟာ လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီတောင်ပိုင်း ဆင်ခြေဖုံးနေရာတွေကို ချီတက်လာပြီလို လစ်ဗျားအမျိုးသားတပ် (LNA)က ဧပြီလ ၅ ရက်မှာ ပြောလိုက်ပါတယ်။ ဒါဟာ နိုင်ငံတကာ အသိမှတ်ပြု အစိုးရအတွက် အန္တရာယ်ရှိတဲ့ တွန်းအားတရပ် ဖြစ်ပါတယ်။ လစ်ဗျားအမျိုးသားတပ် ထိန်းချုပ်တဲ့ နိုင်ငံတကာလေဆိပ်ဟောင်း အနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ (LNA)ပြောခွင့်ရပုဂ္ဂိုလ်နဲ့  ဒေသခံတွေက ပြောကြပါတယ်။ LNA  တပ်ဖွဲ့ အခုလို ချီတက်လာတာဟာ အာဏာရှင် မွမ်မာကဒါဖီ ပြုတ်ကျပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အာဏာလွန်ဆွဲပွဲ အရှိန်ကို မြင့်တက်စေပါတယ်။ LNA တပ်ဖွဲ့ဟာ လစ်ဗျားအရှေ့ပိုင်းမှာ အခြေစိုက်တဲ့ စင်ပြိုင်အစိုးရနဲ့  မဟာမိတ်ပြုထား ပါတယ်။ ပြည်တွင်းစစ်ရှောင်ရှားဖို့အတွက် ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က  LNA တပ်မှူး ဟက်ဖ်တာနဲ့ လာရောက် တွေ့ဆုံဆွေးနွေးပြီး ပြန်လည်ထွက်ခွာချိန်မှာ LNA တပ်ဖွဲ့တွေ  ချီတက်လာတာလည်း ဖြစ်ပါတယ်။ ဂူတာရက်စ်က “ကျနော်ဟာ လေးလံတဲ့စိတ်၊ စိုးရိမ်ပူပန်စိတ်တွေနဲ့ ပြန်လာခဲ့တယ်။ ထရီပိုလီမြို့ဝန်းကျင်မှာ သွေးထွက်သံယိုတာတွေ ရှောင်ရှားနိုင်မယ်လို့ ကျနော် မျှော်လင့်နေဆဲပါ။” လို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။
3 years Ago
Up