ခါမေနီပြော

January 18, 2020

အီရန်ဗိုလ်ချုပ်ကြီးကို သတ်ဖြတ်မှု အမေရိကန်၏ အကြမ်းဖက်လိုသည့် သဘာဝကို ပြသခြင်းဖြစ်ဟု ခါမေနီပြော

အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလန်မန်နီကို သတ်ဖြတ်တာက အမေရိကန်အစိုးရရဲ့ အကြမ်းဖက်လိုတဲ့ သဘာဝကို ပြသတာပဲလို့ ဘာသာရေးခေါင်းဆောင် ခါမေနီက ပြောပါတယ်။ အီရန်စစ်တပ်က ယူကရိန်း ခရီးသည်လေယာဉ်ကို မှားယွင်း ပစ်ချခဲ့ပြီးနောက် နိုင်ငံတဝန်း အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအချိန်မှာ အီရန် ဘာသာရေးခေါင်းဆောင်က ဝတ်ပြုသူတွေကို  တရားဟောခဲ့တာပါ။ သောကြာနေ့ ဝတ်ပြုသူတွေကို တရားဟောရာမှာ အယာတိုလာအလီခါမေနီက အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေဟာ အီရန်ကို အလျှော့ပေးစေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။  မြို့တော် တီဟီရန်က ဗလီဝတ်ကျောင်းကြီးထဲမှာ ဝတ်ပြုသူ ထောင်ချီ စုဝေးကြသလို အပြင်ဘက်မှာလည်း “အမေရိကန် ကျဆုံးပါစေ” ဆိုတဲ့ ကြွေးကြော်သံတွေကို ကြားရပါတယ်။  ဒါ့အပြင် အီရတ်ရှိ အမေရိကန်ပစ်မှတ်တွေကို အီရန်က ဒုံးကျည်နဲ့ တိုက်ခိုက်တာက “အင်အားကြီးနိုင်ငံကို ဆုံးမရာမှာ ဘုရားသခင် ကူညီထောက်ပံ့တာကို ပြသလိုက်တာပဲ” လို့ အီရန် ဘာသာရေးခေါင်းဆောင်က ဇန်နဝါရီ ၁၇ ရက်နေ့ ပြောလိုက်ပါတယ်။
1 year Ago
Up