ခလရ ၅၈

August 14, 2021

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းမှူးနှင့် တပ်တာဝန်ရှိသူများ ခုံရုံးဖွဲ့စစ်ဆေးခံနေရ

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ် ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ကို KIA တပ်မဟာ ၅ တပ်ရင်း ၃ အဖွဲ့က ဇူလိုင် ၂၉ ရက်နေ့ည ၁၀ နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံး များခဲ့တာနဲ့ပတ်သက်ပြီး ခလရ ၅၈ တပ်ရင်းမှူးနဲ့ တာဝန်ရှိသူတွေ ခုံရုံးဖွဲ့စစ်ဆေးခံနေရတယ်လို့ အဲဒီတပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ 

အဲဒီနေ့ညတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ခလရ ၅၈ ဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ သေဆုံးထိခိုက်အရေအတွက်ကို စစ်ကောင်စီဘက်ကလည်း မထုတ်ပြန်သလို DVB သတင်းဌာနအနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။  

အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ တပ်မတော်အရာရှိ Major 48 က မြို့စောင့်တပ်တွေအနေနဲ့ တပ်ရင်းကို ရန်သူက ဝင်ရောက်တိုက်ခိုက်လို့ အကျအဆုံး အထိအခိုက်များရင် အဲဒီတပ်ရဲ့တပ်ရင်းမှူးကို တာဝန်ပေါ့လျော့မှု အမိန့်ပေးစေခိုင်းမှု ညံ့ဖျင်းမှုတွေနဲ့ စစ်ခုံရုံးတင်လေ့ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံတပ်ဖြစ်တဲ့ ဝိုင်းမော်မြို့ ခလရ ၅၈ ကို တပ်သားအသစ်တွေနဲ့ ပြန်ချိန်းထားပြီး အသစ်ရောက်လာတဲ့ စစ်တပ်အရာရှိတစ်ယောက်က ယာယီတပ်ရင်းမှူးတာဝန်ကို ယူထားတယ်လို့ DVB က စုံစမ်းသိရှိထားပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့ နေ့လယ်မှာလည်း ဝိုင်းမော်မြို့နယ်အတွင်း လက်နက်ကြီး လက်နက်ငယ်ပ ပစ်ခတ်သံတွေကြားရပြီး  ခလရ ၅၈ တပ်က သူတို့အနီးနားမှာရှိတဲ့ ကျေးရွာတွေကို  ဩဂုတ် ၂၁ ရက်နေ့အထိ ကျေးရွာတွေမှာ ပြန်လည်နေထိုင်ခြင်းမပြုဖို့ လိုက်လံသတိပေးနေပါတယ်။ လက်ရှိမှာတော့ ဒေသခံပြည်သူတွေက နီးစပ်ရာဆွေမျိုးတွေအိမ်နဲ့ ဘေးလွတ်ရာကို တိမ်းရှောင်သွားပြီ ဖြစ်ပါတယ်။ 

4 months Ago

ဝိုင်းမော် ခလရ ၅၈ အနီးရှိ ပြည်သူများအား တိမ်းရှောင်ကြရန် စစ်ကောင်စီက ကြေညာ

ကချင်ပြည်နယ် ဝိုင်းမော်မြို့  ခလရ ၅၈ အနီးရှိ ကျေးရွာနေ ပြည်သူတွေကို နေအိမ်တွေကနေ တိမ်းရှောင်နေထိုင်ကြဖို့ သြဂုတ် ၁၄ ရက်မနက်ပိုင်းမှာ စစ်ကောင်စီက လော်စပီကာနဲ့ လိုက်လံကြေညာခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။   

​ကျေးရွာအတွင်း မ​နေထိုင်ကြဖို့နဲ့ ​ပြောင်းရွှေ့ကြဖို့ စစ်ကားနဲ့  လိုက်လံကြေညာနေတာကြောင့် ဒေသခံတွေ  နီးစပ်ရာမြို့တွေနဲ့ ဆွေမျိုးတော်စပ်သူတွေဆီ တိမ်းရှောင်သွားကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မဒိန် ခကွမ်၊ တန်ဘောင်က ပြည်သူတွေကို အပြီးရှောင်တိမ်းဖို့ ပြောတယ်။ ခုရွာကလူတွေ အားလုံး မြို့ဘက်၊ တချို့ကျတော့ ကိုယ့်ဆွေမျိုးတွေရှိတဲ့ ရွာဘက်ကို ပြောင်းနေကြပြီ။” 

လက်ရှိ ၅၈ တပ်ရင်းနဲ့ အနီးဆုံးကျေးရွာတွေဖြစ်တဲ့ မဒိန်ကျေးရွာ၊ လဘန် နဲ့ တန်ဘောင် ရွာတွေတွေကို ဩဂုတ် ၂၁ ရက်နေ့အထိ ကျေးရွာအတွင်း ပြန်လည်နေထိုင်ခြင်းမပြုဖို့ လိုက်လံ သတိပေးကြေညာနေတာပါ။

ဒီနေ့ နေ့လယ် ၁ နာရီ ၀န်းကျင်လောက်မှာလည်း ခလရ ၅၈ ကနေ လက်နက်ကြီးနဲ့ လေးငါးချက်ပစ်ခတ်တာကြောင့် ရွာခံတွေက တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့ ရှစ်လေးလုံး အထိမ်းအမှတ်နေ့ကစပြီး စစ်ကောင်စီရဲ့ ခလရ ၅၈ တပ်က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ညစဉ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေကြောင့် ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေကြရတာပါ။

ဇူလိုင် ၂၉ ရက်ညမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က  မဒိန်ကျေးရွာအခြေစိုက် ခလရ ၅၈ တပ်ကို ရှောင်တခင် ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

4 months Ago
Up