ခရီးသွားဝင်ရောက်မှု

February 21, 2020

ရန်ကုန်မြို့ ခရီးသွားဝင်ရောက်မှု ၅၃ ရာခိုင်နှုန်းအထိ ကျဆင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်မြို့ကို ခရီးသွားဝင်ရောက်မှု ၅၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ဒေသဆိုင်ရာခရီးသွားကော်မတီရဲ့ အတွင်းရေးမှူး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။  တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရောဂါကြောင့် နိုင်ငံအများစုမှာ ခရီးသွားဝင်ရောက်မှု ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။  ဒါ့အပြင် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံပြေးဆွဲနေတဲ့ လေကြောင်းလိုင်း ၁၃ လိုင်းကနေ နေ့စဉ် ခရီးစဉ် ၁၀ ခေါက်ပြေးဆွဲခဲ့ပါတယ်။ ဒါ့ပေမယ့် ကိုရိုနာဗိုင်းရပ်ကြောင့် လက်ရှိပြေးဆွဲနေတဲ့ တရုတ်လေကြောင်းလိုင်းတွေကို  ဇန်နဝါရီလ နောက်ဆုံးအပတ်ကစပြီး ရပ်နားထားခဲ့ပါတယ်။ ဒါ့ကြောင့် တရုတ်လေကြောင်းလိုင်းတွေ  ရပ်နားချိန်ချိန်ကတည်းကစပြီး ရန်ကုန်မြို့ကို ဝင်ရောက်တဲ့ ပြည်ပခရီးသွားဧည့်သည် ၅၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး  တရုတ်ခရီးသွားကတော့ ၃၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျင်းပတဲ့ ဒေသဆိုင်ရာခရီးသွားကော်မတီက မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ကရင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ၊ ဒေသဆိုင်ရာခရီးသွားကော်မတီဝင် နော်ပန်းသဉ္ဇာမျိုးက ပြောကြားခဲ့တာပါ။ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်ပွားနေတဲ့အခြေအနေကြောင့် မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် တရုတ်ခရီးစဉ်တွေကို မတ်လအကုန်အထိ ရပ်နားထားပါတယ်။ ဇန်ဝါရီ ၂၀ ရက်ကနေ ၂၄ ရက်နေ့အထိ လေကြောင်းလိုင်း  ၅ ရက်အတွင်း ဆိုက်ရောက်ဗီဇာနဲ့ ဝင်ရောက်လာတဲ့ ပြည်ပခရီးသွားဧည့်သည်က အယောက်  ၂၈၀၀ သာရှိခဲ့ပြီး တရုတ်ခရီးသွားကတော့ ၆၃၀၀ နီးပါးရှိခဲ့တယ်လို့ ပြောပါတယ်။  ဒါ့အပြင်  ဇန်နဝါရီ ၂၅ ရက်ကနေ ၂၉ ရက်နေ့အထိ တရုတ် ၄၀၀၀ နီးပါး ဝင်ရောက်ထားပြီး နိုင်ငံတကာ ခရီးသွားက အယောက် ၁၃၀၀ သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ ရန်ကုန်တိုင်းကို ပြည်ပခရီးသွားဧည့်သည် အယောက် ၁ သန်းကျော် ဝင်ရောက်ထားပြီး အဲဒီအထဲမှာ တရုတ်ခရီးသွားက အယောက် ၃ သိန်းခွဲနီးပါး ဝင်ရောက်ထားပါတယ်။ 
1 year Ago

January 25, 2020

တရုတ်တွင် ကူးစက်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာကို ခရီးသွားဝင်ရောက်မှု မကျ

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ အပါအဝင် တခြား အကြောင်းအရာတွေကြောင့် မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသည် အဝင်နည်းတာမရှိဘူးလို့ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ရန်ကုန်ဇုန်) ဥက္ကဋ္ဌ ဦးတင်မြင့်က ပြောပါတယ်။ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ရဲ့ ၆ ကြိမ်မြောက်ည ညစာစားပွဲကို ဇန်နဝါရီ ၂၄ ရက်နေ့က ရန်ကုန်မြို့ Wyndham Grand Yangon ဟိုတယ်မှာ ကျင်းပခဲ့ပြီး အခုလို ပြောဆိုလိုက်တာပါ။  မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကြောင့် တရားစွဲဆိုခံနေရတာ၊ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ လက်တလော တရုတ်နိုင်ငံမှာ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ခရီးသွား ဝင်ရောက်မှု ကျဆင်းမှု ရှိ၊ မရှိ မေးမြန်းတဲ့အပေါ် နိုင်ငံခြားခရီးသည် ဝင်ရောက်မှု ပုံမှန်ရှိနေဆဲလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ “ကျနော်တို့ဆီမှာတော့ ပုံမှန်ဧည့်သည်တွေက ဝင်ထွက်နေတဲ့အနေအထား ရှိပါတယ်။ တခြား အကြောင်းအရာတွေကြောင့်တော့ အဝင်နည်းသွားတာတို့၊ မလာတာတို့တော့ မရှိပါဘူး။ ပုံမှန် ဝင်ထွက်နေတဲ့ အနေအထား ရှိပါတယ်" လို့ ဦးတင်မြင့်က ပြောပါတယ်။ ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့်လည်း ငပလီကို နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှု ထိခိုက်မှုမရှိသလို အရင်ထက် ပိုဝင်ရောက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ် စာရင်းတွေအရ မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွား ဝင်ရောက်မှုဟာ ၆ သန်းအောက်သာ ရှိသေးသလို ထိုင်းနိုင်ငံက ၃၈ သန်းလောက်အထိ များတဲ့အပေါ် နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှု များအောင်လုပ်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းက ထောက်ပြပါတယ်။ ရန်ကုန်မြို့မှာ တိုင်းရင်းသားလုပ်ငန်းရှင်တွေ ပိုင်တဲ့ ဟိုတယ် ၃၄၆ လုံးရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံထားတဲ့ ဟိုတယ်၂၀ ရှိပါတယ်။ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ သံသယလူနာ မြန်မာနိုင်ငံမှာ လုံးဝမရှိသေးကြောင်းနဲ့ နိုင်ငံတွင်း ဝင်ပေါက်အားလုံးကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားရာ ဟူဘေးပြည်နယ်မှာ နောက်ထပ် ၁၅ ယောက် သေဆုံးခဲ့ပြီး အဲဒီဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၄၁ ယောက်အထိ ရှိလာပြီလို့  တရုတ်ကျန်းမာရေး တာဝန်ရှိသူတွေက ပြောထားပါတယ်။
1 year Ago
Up