ခရီးသွားလုပ်ငန်း

December 14, 2020

နယူးဇီလန်နှင့် ဩစတြေးလျ ရောဂါခြေချုပ်ကင်းမဲ့ ခရီးသွားလုပ်ငန်းစတင်ရန် သဘောတူ

နယူးဇီလန်နဲ့ သြစတြေးလျ နှစ်နိုင်ငံကြား ရောဂါခြေချုပ်ကင်းမဲ့ ခရီးသွားလုပ်ငန်းကို ၂၀၂၁ ပထမ ၃ လပတ်မှာ စတင်ခွင့်ပြုဖို့ ဒီဇင်ဘာ ၁၄ ရက်မှာ သဘောတူလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကနေ ကာကွယ်ဖို့ နယ်စပ်တွေကို ပိတ်ထားအပြီး ၁ နှစ်နီးပါးအကြာမှာ ပြန်ဖွင့်ဖို့ စီစဉ်နေတာပါ။ နယူးဇီလန် ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်က “အစိုးရအဖွဲ့ဟာ တက်စ်မေးနီးယား ဖြတ်ကျော် ရောဂါခြေချုပ်ကင်းမဲ့ ခရီးသွားနိုင်ရေးအတွက် စည်းမျဉ်းတွေကို သြစတြေးလျ အစိုးရအဖွဲ့ အတည်ပြုချက်နဲ့ သဘောတူခဲ့ပြီးပြီ။ သိသာတဲ့ အပြောင်းအလဲက အိမ်နီးချင်းနိုင်ငံ နှစ်ဘက်စလုံးမှာ မရှိဘူး” လို့ ပြောပါတယ်။ နယူးဇီလန်နိုင်ငံဟာ ၁ နှစ်ပတ်လုံးနီးပါး နိုင်ငံခြားသားတွေ အားလုံးကို နယ်စပ်တွေကနေ မဝင်ရအောင် ပိတ်ထားပြီး တင်းကျပ်တဲ့ အသွားအလာပိတ်ဆို့ ကန့်သတ်ချက်ကို အကောင်အထည်ဖော်ခဲ့လို့ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု မရှိတော့သလောက် ဖြစ်နေတာ ကြာပါပြီ။ နယူးဇီလန် ဝန်ကြီးချုပ်က “ဘေးကင်းကင်း ခရီးသွားနိုင်တာ သေချာအောင် ပိုအလုပ်လုပ်ဖို့ လိုသေးတယ်။ နယူးဇီလန်ဟာ လေကြောင်းလိုင်း ဝန်ထမ်းတွေကို စီမံခန့်ခွဲရေး၊ ခရီးသည်တွေကို တခြားလူတွေနဲ့ သီးခြားခွဲထားရေး စတဲ့ အစီအစဉ်တွေကို အပြီးသတ် လုပ်ဆောင်မယ်” လို့လည်း ပြောပါတယ်။ သြစတြေးလျ အစိုးရဟာလည်း ကပ်ဘေးအစောပိုင်းကတည်းက သူ့ရဲ့ နိုင်ငံတကာ နယ်စပ်တွေကို ပိတ်ထားခဲ့တာပါ။  သြစတြေးလျ နိုင်ငံသားတွေကိုသာ ကိုယ့်နိုင်ငံကိုယ် ပြန်ခွင့်ပေးထားတာဖြစ်ပြီး အခုတော့ နယူးဇီလန် နိုင်ငံသားတွေကလွဲလို့ တခြားသူတွေကို ဝင်ခွင့်မပေးသေးပါဘူး။
6 months Ago

July 31, 2020

ကိုဗစ်အလွန် မီးခိုးတိတ်ခရီးသွားလုပ်ငန်း အရင်ဆုံးလုပ်မည်ဟု  ကရင်ဝန်ကြီးချုပ်ပြော

ကရင်ပြည်နယ်ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ခရီးသွားလုပ်ငန်းကို ကိုဗစ်ကပ်ဘေးကာလအလွန်မှာ အရင်ဆုံးလုပ်ဆောင်သွားမယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။ ဇူလိုင် ၃၀ ရက်က ကရင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ အရင် ၅ နှစ်အတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ဟာတွေထက် နှစ်ဆဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ထဲမှာ ဟိုတယ်ခရီးသွားလုပ်ငန်းဖြစ်ပြီး ကိုဗစ်အလွန် ခရီးသွားလုပ်ငန်းငန်းကို အရင်ဦးစားပေးပြီး ဆောင်ရွက်သွားမယ်လို့  ဝန်ကြီးချုပ်က ပြောပါတယ်။  “လောလောဆယ်ပြောနိုင်တာ ဟိုတယ်ခရီးသွားလုပ်ငန်းပေါ့။ ဒါကတော့ မီးခိုးတိတ် စီးပွားရေး။ ကျမတို့အတွက် ရင်းနှီးမြုပ်နှံစရာမရှိဘူး။    ကိုဗစ်အလွန်မှာ  ဘယ်လုပ်ငန်းက အရင်းဆုံးလုပ်မယ်ဆို ကျမခရီးသွားလုပ်ငန်းငန်းကို အရင် ဦးစားပေးပြီး ဆောင်ရွက်ပါမယ်။” အနှောင့်အယှက်တွေကြားက ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သလို ကဏ္ဍတိုင်းနီးပါးလို နှစ်ဆတိုးတက်ခဲ့ပြီး  အရင်အစိုးရသက်တမ်း ၅ နှစ်ကထက်  နှစ်ဆဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအန်အယ်လ်ဒီအစိုးရလက်ထက် ကရင်ပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာသလို ခရီးသွားဝင်ရောက်မှု များပြားလာတာတွေကြောင့် ၂၀၁၇ ခုနှစ်ကစတင်ပြီး ခရီးသွားလုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်ခဲ့ပါတယ်။ ကရင်ပြည်နယ်ကို လာ‌ရောက်လည်ပတ်တဲ့ ပြည်တွင်းပြည်ပဧည့်သည့်တွေဟာ သမိုင်းဝင် ဇွဲကပင်တောင်၊ ကော့ကသောင်၊ ဘုရင့်ညီဂူ၊ မဟာဆန္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူတွေနဲ့ သဘာဝ‌ရေတံခွန်တွေကို အများဆုံးလာရောက်လည်ပတ်ကြပါတယ်။  ရဲမင်းခေါင် 
11 months Ago
More News
Up