ခရီးသွား

January 2, 2022

မြစ်ကြီးနား-ပူတာအို၊ ဆွမ်ဘရာဘွမ်- ပူတာအိုလမ်းပိုင်း ခရီးသွားများကို သတိပေးချက်ထုတ်ပြန်

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-ပူတာအို၊ ဆွမ်ဘရာဘွမ်- ပူတာအို ကားလမ်းပိုင်းတွေကို ဇန်နဝါရီ ၅ ရက်နေ့ကစ ခရီးသွားပြည်သူတွေ  မသွားလာကြဖို့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

မြစ်ကြီးနား-ပူတာအို၊ ဆွမ်ဘရာဘွမ် နဲ့ ပူတာအို လမ်းပိုင်းတွေမှာ ဇန်နဝါရီ ၅ ရက်ကစပြီး ညနေ ၅ နာရီကနေ မနက် ၆ နာရီအထိ ခရီးသွားပြည်သူတွေကို သွားလာခွင့်မပြုဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ယာဉ်တွေမှာ စစ်နဲ့ပတ်သက်တဲ့ ပစွည်းတွေ သယ်ဆောင်တာနဲ့ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်း၀ယ်ဖောက်ကားတာ လုံး၀မလုပ်ကြဖို့၊ ယာဉ်တန်းတွေ အမိုးဖ္ငင့်မောင်းဖို့နဲ့ ခရီးသည်ကားတွေ မှန်ချဖို့ အချက်တွေ အသိပေးချက်မှာ ဖော်ပြထားပါတယ်။

အသိပေးထုတ်ပြန်ချက်တွေကို ခရီးသွားပြည်သူတွေအနေနဲ့ လေးစားလိုက်နာပေးဖို့နဲ့ လိုက်နာမှု မရှိပါက ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို လုံး၀ တာ၀န်ယူမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေနဲ့ ဒီဇင်ဘာ ၂၉ ရက်ညမှာ ဆွမ်ဘရာဘွမ်ကနေ ပူတာအိုဘက်ကို စစ်အင်အားဖြည့်ဖို့ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီစစ်ကား ၂ စီးကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၃ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီး‌နောက်ပိုင်းမှာ ကချင်ဒေသ နေရာအနှံ့အပြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ပူတာအိုခရိုင်မှာလည်း စစ်ကောင်စီနဲ့ KIA၊ ပူတာအို PDF တို့ အကြား တိုက်ပွဲမကြာခဏဖြစ်နေပါတယ်။

4 weeks Ago

November 22, 2021

ရတနာသိင်္ခမြစ်ကူးတံတား၌ ခရီးသွားများ လမ်းဆင်းလျှောက်ရန် စစ်ကောင်စီအမိန့်ထုတ်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နိုဝင်ဘာ ၁၇ ရက် ရက်စွဲနဲ့ ကျောက်မြောင်း-စဉ့်ကူး ရတနာသိင်္ခမြစ်ကူးတံတားဖြတ်သန်းတဲ့ ယာဉ်ပေါ်ပါ ခရီးသွားတွေ တံတားပေါ်လမ်းဆင်းလျှောက်ဖို့အပါအဝင် ဒေသန္တရအမိန့်တွေ ထုတ်လိုက်ပါတယ်။

ရတနာသိင်္ခတံတားပေါ်ကူးသန်းတဲ့ ယာဉ်ပေါ်ပါ ခရီးသည်မှန်သမျှ လမ်းဆင်းလျှောက်ဖို့နဲ့ တံတားပေါ်ယာဉ် မရပ်နားဖို့၊ ရွှေဘိုမြို့နယ် မအူပင်ကျေးရွာနဲ့ ဒီပဲယင်းမြို့နယ်တွေက ကျေးရွာတွေကို ကူးသန်းနေတဲ့ မူးမြစ်ကူး ကူးတို့စက်လှေတွေလည်း လူအကြိုအပို့ မလုပ်ဖို့ဆိုပြီး စစ်ကောင်စီက တားမြစ်ချက်တွေ ထုတ်ပြန်လိုက်တာပါ။

ဒါ့အပြင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်မပါဘဲ နယ်မြေကျော်လွန် ခရီးမသွားလာဖို့၊  ရွှေဘိုမြို့ရှောင်လမ်းပေါ်ကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဘယ်ယာဉ်မှ မသွားလာဖို့၊ ဆိုင်ကယ်စီးနင်းရာမှာလည်း ထုတ်ပြန်ထားချက်အတိုင်း လိုက်နာကြဖို့၊ ယာဉ်မောင်းနှင်ရာမှာလည်း မှန်ချ မမောင်းဖို့နဲ့ အလံဖြူမထောင်ဖို့လည်း ဖော်ပြထားပါတယ်။

အထက်ပါတားမြစ်ချက်တွေဟာ ပြည်သူလူထုနဲ့အကြမ်းဖက် PDF ကွဲပြားမှုရှိစေရေးအတွက် ထုတ်ပြန်ရတာလို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ပြီး အစိုးရ ယန္တရားလည်ပတ်နိုင်ရေး ကြိုးစားလာတာလည်း ဖြစ်ပါတယ်။

2 months Ago
More News
Up