ခရီးသွားရေငုပ်လှောင်အိမ်ထဲ ကြောက်မက်ဖွယ် တိုးဝင်ခဲ့သည့် ငါးမန်းဖြူကြီး (ရုပ်သံ)

October 16, 2016

ခရီးသွားရေငုပ်လှောင်အိမ်ထဲ ကြောက်မက်ဖွယ် တိုးဝင်ခဲ့သည့် ငါးမန်းဖြူကြီး (ရုပ်သံ)

အရှည် ၄ မီတာရှိတဲ့ ဧရာမငါးမန်းဖြူကြီးတကောင်ဟာ ကမ္ဘာလှည့်ခရီးသွားတဦး ရှိနေခဲ့တဲ့ ရေငုပ်လှောင်အိမ်တခုထဲကို ကြောက်မက်ဖွယ် တိုးဝင်ခဲ့ပါတယ်။ အဆိုပါ ငါးမန်းကြီးဟာ ငါးမျှားချိတ်မှ လွတ်ထွက်သွားတဲ့ တူနာငါးအစာနောက်ကို လိုက်ရင်း မတော်တဆ အရှိန်လွန်ပြီး ရေငုပ်လှောင်အိမ်ထဲကို ထိုးဝင်သွားခဲ့တာလို့ ဆိုပါ တယ်။ ငါးမန်းဖြူတွေဟာ ရေထဲမှာ တနာရီကို ၂၅ မိုင်နှုန်းနဲ့ ကူးခပ်နိုင်ပြီး အလွန်လျင်မြန် တဲ့အဟုန်နဲ့ ရေအောက်မှာ လှုပ်ရှားနိုင်တာမို့ ဒီအဖြစ်အပျက်ကို အနီးအနားက တခြားခရီးသည်တွေဟာ ထိတ်လန့်တကြား စောင့်ကြည့်နေခဲ့ကြတာပါ။ ငါးမန်းဖြူကြီးဟာ ရုတ်တရက် လှောင်အိမ်ထဲ တိုးဝင်လိုက်ချိန်မှာ “အိုး… ဘုရားရေ”လို့ အော်ဟစ်လိုက်သံကို ကြားလိုက်ရပြီး အနီးက တဦးက လှောင်အိမ်အပေါ်တံခါးကို ဆွဲဖွင့်ခဲ့တာကို တွေ့ရပါတယ်။ စက္ကန့်ပေါင်းများစွာ ကြာအောင် ငါးမန်းကြီးဟာ လှောင်အိမ်တွင်း ရုန်းရင်းဆန်ခတ်နဲ့ ရှိနေခဲ့ချိန်မှာ ရေပေါ်မှ ခရီးသည်တွေက “အထဲမှာလား၊ သူ အထဲမှာ ရှိနေလား”လို့ မေးနေခဲ့ကြတာပါ။ အဲဒီအချိန်မှာ ရုတ်တရက်ပဲ ငါးမန်းဖြူကြီးဟာ တံခါးမှတဆင့် ရေပေါ်တိုးထွက်လာခဲ့ပြီး လွတ်မြောက်လာခဲ့ကာ ရေထဲကို ကူးခပ်သွားခဲ့တာကို တွေ့ရပါတယ်။ သူ ရုန်းတိုးထွက်လာခဲ့တဲ့ အနီးအနာ နေရာအတော်များများမှာ သွေးတွေ စွန်းထင်းသွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ အဲဒီနောက်မှာ ကမ္ဘာလှည့်ခရီးသည်တွေထဲမှ တယောက်က ရေငုပ်လှောင်အိမ်ထဲမှာ “တယောက်ယောက်များ ရှိနေသလား”လို့ မေးမြန်းခဲ့ပြီး ၀န်ထမ်းတယောက်က လှောင်အိမ်ထဲ ပိတ်မိနေတဲ့ အမျိုးသားကို ဆွဲတင်ခဲ့ရတာပါ။ အဆိုပါအမျိုးသားမှာ ကံကောင်းထောက်မစွာပဲ ဘာထိခိုက်ဒဏ်ရာမှ မရရှိခဲ့တဲ့အတွက် လှေပေါ်ပါ တခြားသူတွေက ချီးကျူးလက်ခုပ်တီးခဲ့ကြပါတယ်။ ငါးမန်းရေငုပ်လှောင်အိမ်ထဲမှာ နေထိုင်ရတာဟာ အငြင်းပွားဖွယ် ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်မှုတခုဖြစ်ပြီး ကျွမ်းကျင်ပညာရှင်တွေက အစာနောက် သဲသဲမဲမဲလိုက်ကြတဲ့ ငါးမန်းတွေဟာ မကြာခဏ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ပြောနေကြတာပါ။ ဒီအဖြစ်အပျက်ဟာ မက္ကဆီကိုနိုင်ငံမှာ ဖြစ်ခဲ့ကာ စွန့်စားဓာတ်ပုံဆရာ ဘတ်ခ်ဖော ရက်စ်တာက ရိုက်ယူနိုင်ခဲ့တာပါ။ သူဟာ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ယူကျုဘ်နဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာတွေ ပေါ်မှတဆင့် ပြန်လည်မျှဝေခဲ့တာပါ။ “ဒါဟာ ကျနော်တို့အတွက် သာမန်အဖြစ်အပျက်တခု မဟုတ်ပါဘူး။ ငါးမန်းဖြူတွေဟာ သူတို့ရဲ့ပါးစပ်တွေကို ဟလိုက်ရင် ဘာမှ မမြင်နိုင်တော့ပါဘူး။ ဒါကြောင့်မို့ တူနာငါးစာ နောက်လိုက်ရင်း လှောင်အိမ်ထဲ မတော်တဆ တိုးဝင်မိတာပါ။ သူတို့ဟာ နောက်ပြန်မကူး နိုင်ကြဘူး။ အဲဒါကြောင့် လှောင်အိမ်ထဲမှာပဲ ရှေ့ဆက်တိုးရင်း ရုန်းကန်ခဲ့ရတာ။ လှေပေါ်ပါတဲ့သူတွေရဲ့ အကောင်းဆုံး ကူညီမှုတွေကြောင့် လှောင်အိမ်ထဲက ပြန်လွတ်မြောက်နိုင် ခဲ့တာပါ။ တကယ်တော့ ငါးမန်းဖြူတွေကို ခုလို နီးနီးကပ်ကပ် မြင်ရဖို့ဆိုတာ အလွန်အင်မတန် အံ့သြစရာပါပဲ”လို့ ပြောပါတယ်။
5 years Ago
Up