ခရီးသွားခွင့်

June 7, 2019

ကျူးဘားသို့ ခရီးသွားခွင့် ပိတ်ပင်ထားမှုကြောင့် အမေရိကန် အပျော်စီးသင်္ဘော မက္ကဆီကိုတွင် ဆိုက်ကပ်ရ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကျူးဘားနိုင်ငံဆီကို ခရီးသွားခွင့် ပိတ်ပင်လိုက်တာကြောင့် ဟာနားဗားကိုသွားမယ့် အမေရိကန် အပျော်စီးသင်္ဘောတစီးဟာ ဇွန်လ ၅ ရက်နေ့က မက္ကဆီကိုနိုင်ငံကို လမ်းကြောင်းပြောင်းပြီး ဆိုက်ကပ်ခဲ့ရပါတယ်။ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား လက်ထက်မှာ ကျူးဘားကို ခရီးသွားခွင့် ပိတ်ထားတဲ့ တားမြစ်ချက် ဖြေလျော့ပေးခဲ့တာကြောင့် မကြာသေးခင်နှစ်တွေမှာ ကျူးဘားဟာ အမေရိကန် ခရီးသွားတွေဆီက အကျိုးအမြတ် ရခဲ့ကြပါတယ်။ လက်ရှိသမ္မတ ထရမ့် ဦးဆောင်တဲ့ အမေရိကန်အစိုးရကတော့ ကျူးဘားရဲ့ ကွန်မြူနစ်အစိုးအရအပေါ် ပိုပြီးဖိအားပေးဖို့ ရည်ရွယ်ထားတာပါ။ အမေရိကန်အစိုးရရဲ့ ကျူးဘားနိုင်ငံအပေါ် ခရီးသွားပိတ်ပင်မှုကြောင့် တကယ်ဒုက္ခတွေ့သူတွေဟာ ပုဂ္ဂလိက ကဏ္ဍက ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ဖြစ်တယ်လို့ ကျူးဘားအစိုးရက ပြောပါတယ်။ ကျူးဘားနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေထဲမှာ အမေရိကန်က ဒုတိယ အများဆုံးဖြစ်ပြီး အဲဒီထဲက တဝက်လောက်က အပျော်စီးသင်္ဘောတွေနဲ့ လာရောက်ကြတာပါ။ ခရီးသွားကဏ္ဍကနေရတဲ့ ဘဏ္ဍာငွေဟာ ကျူးဘားရဲ့ ဒုတိယအများဆုံး ဘဏ္ဍာငွေ အရင်းအမြစ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်က ငါးရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ အစိုးရ သတင်းအချက်အလက်တွေက ဖော်ပြပါတယ်။ အခုနှစ်မှာ ခရီးသွားကဏ္ဍ ဝင်ငွေ ၅ ဒသမ ၈ ရာခိုင်နှုန်းထိ တိုးမြှင့်ဖို့ ရည်ရွယ်ထားတယ်လို့ ကျူးဘားအစိုးရက ပြောထားပေမယ့် ထရမ့်ရဲ့ ခရီးသွားပိတ်ပင်မှုကြောင့် ရည်မှန်းချက်အတိုင်း ပြည့်မီဖို့ မလွယ်နိုင်ဘူးလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
2 years Ago
Up