ခရီးသည် ၅ ယောက်

January 16, 2020

ပီရူးတွင် ဘုရားကျောင်းထဲ အညစ်အကြေးစွန့်သူ ကမ္ဘာလှည့်ခရီးသည် ၅  ဦးကို ဖမ်းဆီးအရေးယူ

ပီရူးနိုင်ငံအတွင်း အထွတ်အမြတ်ထားတဲ့ မာချူပစ်ချူ ဘုရားကျောင်းထဲမှာ အညစ်အကြေး စွန့်ပြီး ဖျက်ဆီးတယ်လို့ အတိုင်ခံရတဲ့ ကမ္ဘာလှည့်ခရီးသည် ၅ ယောက်ကို ရဲတွေက ဖမ်းဆီးကာ မူရင်းနိုင်ငံကို ပြန်ပို့ပြီး တယောက်ကို တရားစီရင်မယ်လို့ ရဲတွေက ပြောပါတယ်။ ချီလီ၊ ဘရာဇီး၊ ပြင်သစ်နဲ့ အာဂျင်တီးနားနိုင်ငံတွေက ကမ္ဘာလှည့်ခရီးသည်တွေဟာ နေဘုရားကျောင်းဆောင် နံရံက ကျောက်တုံး ပြုတ်ကျတဲ့အထိ အပျက်အစီးတွေကြားထဲကို ခိုးကြောင်ခိုးဝှက် ဝင်လာခဲ့ကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ နိုင်ငံခြားသားတွေထဲက တယောက်ကတော့ အင်ကာမြို့ဟောင်းထဲမှာ အညစ်အကြေး စွန့်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ရမ်းသမ်းဖျက်ဆီးတဲ့နေရာမှာ ဦးဆောင်ခဲ့တယ်လို့ ဝန်ခံအပြီးမှာ ပီရူးနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်ကို ဖျက်ဆီးမှုနဲ့ တရားရင်ဆိုင်ဖို့ အာဂျင်တီးနား အမျိုးသားကိုတော့ မူရင်းနိုင်ငံကို ပြန်မပို့ဘဲ ထိန်းသိမ်းထားမှာပါ။ မာချူပစ်ချူ ဘုရားကျောင်းဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာပါ။ တနှစ်ကို ကမ္ဘာလှည့် ခရီးသည် အယောက် တသန်းကျော် လာရောက်လည်ပတ်လေ့ ရှိပါတယ်။ ဒဏ္ဍာရီဆန်ပြီး ရာစုနှစ်ချီ သက်တမ်းရှိတဲ့ ကျောက်ဆစ်လက်ရာတွေကြောင့် ခရီးသွားလုပ်ငန်း ထွန်းကားပေမယ့် အပျက်အစီးတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ သစ်တော ပြုန်းတီးမှု၊ မြေပြိုမှု၊ အထိန်းချုပ်မဲ့ မြို့ပြဖွံ့ဖြိုးမှုနဲ့ ဒီနေရာကို တရားမဝင် သွားလာနိုင်တဲ့လမ်းတွေကြောင့် အရေးပေါ် ပြဿနာတွေကို ဖြေရှင်းဖို့ ကုလသမဂ္ဂကလည်း သတိပေးခဲ့ဖူးပါတယ်။
1 year Ago
Up