လက်ရှိ ပနားမားကမ်းလွန်မှာ ရှိနေတဲ့ MS Zaandam, (အမ်အက်စ် ဇန်းဒမ်) အပျော်စီးသင်္ဘောပေါ်က ခရီးသည် ၁၃၀ ကျော်မှာ တုပ်ကွေးဆန်ဆန်လက္ခဏာတွေ တွေ့ရပြီးနောက် ၄ ဦး သေဆုံးခဲ့တယ်လို့ သင်္ဘောလိုင်းက မတ်လ ၂၇ ရက်မှာ ပြောခဲ့ပါတယ်။
အမ်အက်စ် ဇန်းဒမ်ဟာ တောင်အမေရိက အပျော်စီးသင်္ဘောဖြစ်ပြီး မတ်လ ၇ ရက်က အာဂျင်တီးနားကနေ စတင်ထွက်ခွာခဲ့ပြီး ချီလီနိုင်ငံ ဆန်အန်တိုနီယိုဆိပ်ကမ်းမှာ မတ် ၂၁ ရက် ကမ်းကပ်ရမှာပါ။
ဒါပေမဲ့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က ချီလီနိုင်ငံ ပွန်နာအာရီနာဆိပ်ကမ်းမှာ ကမ်းကပ်ပြီးနောက် သင်္ဘောပေါ်ကနေ ဘယ်သူမှ မဆင်းရသေးပါဘူး။
ပနားမား ရေကြောင်းအာဏာပိုင်အဖွဲ့ ဝန်ထမ်းကလည်း လုံခြုံရေးနဲ့ ကျန်းမာရေး စိတ်ချရစေဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
သင်္ဘောကို သွားလာခွင့်ပြုပေမယ့် သင်္ဘောပေါ်က ဘယ်သူကိုမှ ပနားမားပိုင်နက်အတွင်း ကမ်းပေါ်ဆင်းခွင့်ပြုမထားဘူးလို့လည်း သူက ပြောပါတယ်။
အဲဒီအပျော်စီးသင်္ဘောပေါ်မှာ ဧည့်သည် ၁၂၄၃ ဦး၊ သင်္ဘောအမှုထမ်း ၅၈၆ ဦး လိုက်ပါလာသလို ဆရာဝန် ၄ ဦးနဲ့ သူနာပြု ၄ ဦးတို့လည်း လိုက်ပါလာတယ်လို့ ဟော်လန် အမေရိက သင်္ဘောလိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မတ်လ ၂၂ က စလို့ ဧည့်သည်အားလုံးကို သီးခြားစီခွဲနေဖို့ ညွှန်ကြားထားပြီး သင်္ဘောပေါ်က လူအများစုဝေးရာ နေရာတွေကို ပိတ်ပစ်ခဲ့ပါတယ်။
သင်္ဘောလိုင်းအနေနဲ့ ကျန်းမာတဲ့ ခရီးသည်တွေကို သူနဲ့အတူ ယှဉ်ပါလာတဲ့ ရော့တာဒမ် သင်္ဘောဆီ ပြောင်းရွှေ့ချင်နေပါတယ်။ ပနားမားတူးမြောင်းကို ဖြတ်ပြီး ဖလော်ရီဒါဆီ သွားခွင့်ရဖို့ သင်္ဘောလိုင်းဟာ ပနားမား အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတယ်လို့ ဟော်လန် အမေရိက သင်္ဘောလိုင်းက ပြောခဲ့ပါတယ်။
2 years Ago