ခရီးသည်ယာဉ်လိုင်း

June 2, 2020

ဧရာဝတီတိုင်းအတွင်း ခရီးသည်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲ

ဧရာဝတီတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရောဂါထိန်းချုပ်နိုင်ရန်အတွက် ပိတ်ထားခဲ့တဲ့ ခရီးသွားယာဉ်လိုင်းတွေကို ဇွန်လ ၁ ရက်နေ့က စတင်ကာ ပြန်လည် ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးက သိရပါတယ်။ တိုင်းအတွင်းပြေးဆွဲနေတဲ့ ခရီးသွားယာဉ်လိုင်းတွေကို မေလ ၁၆ ရက်က စတင်ကာ ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့ပြီး တခြားတိုင်းနဲ့ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ခရီးသွားယာဉ်လိုင်းတွေကို ဇွန်လ ၁ ရက်နေ့က စတင်ပြီး ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့တာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဒီဗွီဘီကို ပြောပါတယ်။ "ခုမနက်အစည်းအဝေးမှာ ပြေးဆွဲဖို့အတွက်ခွင့်ပြုခဲ့တာ၊ ပြေးဆွဲခွင့်ပြုလိုက်တယ် ဆိုပေမယ့် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်သွားမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြား ထားတဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာသွားဖို့ မှာကြားထားပါတယ်"လို့ ပြောပါတယ်။ အခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ခရီးသွားယာဉ်လိုင်းတွေကို ပြေးဆွဲခွင့်ပြုခဲ့ပြီး ခရီးသွားလာသူတွေအနေနဲ့ ထိုင်ခုံ ၂ လုံး ဝယ်ယူပြီး ၁ ယောက်သာ ထိုင်ဖို့၊ ပြီးတော့ ယာဉ် ပေါ်လိုက်တဲ့သူအားလုံး Mask တပ်ဖို့ စတဲ့အချက်တွေအပါအဝင် စည်ကမ်းချက် ၁၂ ချက် သတ်မှတ်ထားပြီး ပူးပေါင်းအဖွဲ့တွေနဲ့ အတူ ရှောင်တခင်စစ်ဆေးတာတွေပြုလုပ်သွားမှာဖြစ် တယ်လို့ ဆိုပါတယ်။ ခရီးသွားယာဉ်လိုင်းတွေအနေနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာနဲ့ ပူးပေါင်းအဖွဲ့တွေ စစ်ဆေးချိန်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာရင် ယာဉ်လိုင်းပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာဖြစ်တယ် လို့ သိရပါတယ်။ ဧရာဝတီတိုင်းအတွင်း ခရီးသွားယာဉ်လိုင်းတွေပြေးဆွဲတာကို ဧပြီလ ၁၀ ရက်နေ့က စတင်ကာ ပိတ်ထားခဲ့ပေမဲ့ အိမ်စီးကားနဲ့ ကုန်တင်ယာဉ်တွေကို သွားလာခွင့်ပြုခဲ့ပြီး မဖြစ်မနေ သွားလာသူတွေအနေနဲ့ ခရီးသွားလာတဲ့အခါ ယာဉ်စီးခစျေးနှုန်းကြီးစွာပေးနေရတာတွေ ရှိနေလို့ ခုလို ခရီးသွားယာဉ်လိုင်းတွေကို ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့တာလို့ တာဝန်ရှိ သူကပြောပါတယ်။ ဧရာဝတီတိုင်းကနေ အခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ခရီးသွားယာဉ်လိုင်း ၄၆ လိုင်းရှိပြီး တိုင်းအတွင်းပြေးဆွဲနေတဲ့ ခရီးသည်ယာဉ်လိုင်း ၆၁ လိုင်းရှိကာ မော်တော်ယာဉ် အစီး ၂၀၀ ကျော်နဲ့ နေ့စဉ် ပြေးဆွဲတောတွေပြုလုပ်ပေးနေတာဖြစ်တယ်လို့ တိုင်းဒေသကြီး ပုဂ္ဂလိ က မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီက သိရပါတယ်။ သတင်း-မင်းထက်မုန်း (ပုသိမ်)
1 year Ago

May 16, 2020

ဧရာဝတီတိုင်းအတွင်း ခရီးသည်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲခွင့်ပြု

ဧရာဝတီတိုင်းအတွင်း ယာယီပိတ်ထားတဲ့ ခရီးသည်ယာဉ်လိုင်းတွေကို မေ ၁၆ ရက်နေ့က စတင်ပြီး ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပါတယ်။ ကျန်းမာရေးဌာနရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှုရှိတဲ့ ကုန်တင်ယာဉ်တွေနဲ့ ၅ ယောက်အောက် အိမ်စီးကားတွေကို သွားလာခွင့်ပြုထားပြီး ခရီးသည်တင်ယာဉ်လိုင်းတွေကိုတော့ ပိတ်ထားခဲ့တာဖြစ်ကာ တိုင်းအတွင်း ဒီနေ့ ပြန်လည်ပြေးဆွဲခွင့်ပြုမယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက DVB ကိုပြောပါတယ်။ "တိုင်းဒေသကြီးအတွင်းမှာ ခရီးသွားယာဉ်လိုင်းတွေကို ၁၆ ရက်နေ့ကစပြီး ပြန်ဖွင့်ခွင့်ပြုမယ်၊ ဒါပေမဲ့ ကျန်းမာရေးက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမှ ဖွင့်ခွင့်ပြုမှာပါ" လို့ ပြောပါတယ်။ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့စည်းမျဉ်းစမ်းကမ်းနဲ့အညီပြေးဆွဲတဲ့ ယာဉ်လိုင်းတွေကို ပြန်လည်ပြေးဆွဲဖို့ ခွင့်ပြုမှာဖြစ်ပေမဲ့ တိုင်းအတွင်းကိုသာ ပြေးဆွဲခွင့်ပေးဦးမှာဖြစ်ပြီး ရောဂါဖြစ်ပွားမှုအခြေအနေပေါ် မူတည်ပြီး တိုင်းပြင်ပခရီးသွားလုပ်ငန်းတွေကို ဆက်လက် စဉ်းစားပေးသွားမယ်လို့ ဆိုပါတယ်။ "ခရီးသွားယာဉ်လိုင်းတွင် တိုင်းအတွင်း ပြန်လည်ပြေးဆွဲခွင့်ပြုထားပေမယ့် တိုင်းအတွင်းမှာရှိ တဲ့ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရန်ဂျီ စတဲ့ကမ်းခြေဒေသ ခရီးသွားလာခွင့်တွေနဲ့ အဆိုပါ ကမ်းခြေတွေက ဟိုတယ်တွေကိုတော့ မေ ၃၁ ရက်နေ့အထိ ပိတ်ထားဦးမှာဖြစ်တယ်"လို့ ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။ တိုင်းဒေသကြီးအတွင်း ခရီးသည်ယာဉ်လိုင်းတွေ ပြန်လည်ဖွင့်ခွင့်ပေးခဲ့ပေမယ့် ခရီးသွားလာမယ့်သူများအနေနဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ခရီးသွားထောက်ခံစာကိုတော့ အရင်အတိုင်း ယူဆောင်သွားရမယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းအတွင်း ခရီးသည်ယာဉ်လိုင်းတွေပြေးဆွဲခွင့်နဲ့ အခြားတိုင်းနဲ့ပြည်နယ်က ခရီးသည်ယာဉ်လိုင်းတွေ ပြေးဆွဲမှုကို ဧပြီလ ၁၀ ရက်နေ့က စတင်ပြီး ယာဉ်လိုင်းပြေးဆွဲမှုကို တိုင်းဒေသကြီးအဆင့် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ ညွှန်ကြားချက်နဲ့ ပိတ်ထားခဲ့တာပါ။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up