ခရီးသည်တင်ဘတ်စ်ကား

December 24, 2019

အင်ဒိုနီးရှားတွင် ခရီးသည်တင်ဘတ်စ်ကား ချောက်ထဲပြုတ်ကျပြီး  လူ ၂၆ ဦး သေဆုံး 

အင်ဒိုနီးရှားနိုင်ငံမှာ ဒီဇင်ဘာ ၂၃ ရက်ညက ခရီးသည်တင် ဘတ်စ်ကားတစီး ချောက်ထဲ ပြုတ်ကျလို့ လူ ၂၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၁၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။  အဲဒီဘတ်စ်ကားဟာ ဘန်ကူလူအာမြို့ကနေ ပါလမ်ဘန်မြို့ဆီကို ဦးတည်မောင်းနှင်လာစဉ် ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်လောက်မှာ အခုလို ယာဉ်မတော်တဆ ဖြစ်ခဲ့တာပါ။ ခရီးသည် အယောက် ၅၀ တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ တောင်ကုန်းတခုပေါ်ကနေ မီတာ ၁၅၀ နက်တဲ့ ချောက်ထဲကို ပြုတ်ကျသွားခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လက်ရှိမှာတော့ အဲဒီအမှုနဲ့ပတ်သက်လို့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီး ရှာဖွေကယ်ဆယ်ရေးလည်း ဆက်လုပ်နေပါတယ်။ အင်ဒိုနီးရှား ကျွန်းစုတွေမှာ ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေရဲ့ ကြံ့ခိုင်မှုနဲ့ ဘေးကင်းမှု အားနည်းတာကြောင့်လည်း ယာဉ်မတော်တဆမှုတွေ ဖြစ်လေ့ရှိပါတယ်။
2 years Ago

December 22, 2019

ဂွါတီမာလာတွင် ခရီးသည်တင်ဘတ်စ်ကားတိုက်မိပြီး လူ ၂၀ဦး ထက်မနည်း သေဆုံး

ဂွါတီမာလာနိုင်ငံ အရှေ့ပိုင်းမှာ ဒီဇင်ဘာ ၂၁ ရက်က ကုန်တင်တွဲကားတစီးနဲ့ ခရီးသည်တင် ဘတ်စ်ကားတစီး တိုက်မိလို့ လူအယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၇ နှစ်အရွယ် ယောက်ျားလေးတယောက် ပါတယ်လို့ ဆရာဝန်တွေနဲ့ မီးသတ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူတွေကိုလည်း နီးစပ်ရာဆေးရုံ ပို့ဆောင်ခဲ့ကြပါတယ်။ ဂွါတီမာလာနိုင်ငံ အရှေ့ပိုင်းက ဂွါလန်မြို့နားမှာ စနေနေ့ အစောပိုင်းက ဆန်တာအယ်လီနာမြို့ကို မောင်းလာတဲ့ ဘတ််စကားနဲ့ ကုန်တင်တွဲကားတို့ တိုက်မိခဲ့တာပါ။ ကုန်တင်တွဲကားဟာ ဘတ်စ်ကားကို အနောက်ကနေ ဝင်တိုက်ခဲ့ပုံရတယ်လို့ စေတနာ့မီးသတ်ဝန်ထမ်းတွေက သတင်းထောက်တွေကို ပြောပါတယ်။  ဒါပေမဲ့ လက်ရှိမှာတော့ အာဏာပိုင်တွေဟာ ယာဉ်မတော်တဆမှု ဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မထုတ်ပြန်သေးဘဲ အသေးစိတ် စုံစမ်းစစ်ဆေးနေကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up