ခရီးသည်တင်ကား

February 19, 2020

ကိုလံဘီယာနိုင်ငံ အဝေးပြေးလမ်းတွင် ခရီးသည်တင်ကား ပေါက်ကွဲပြီး လူ ၇ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံ အရှေ့တောင်ပိုင်းက အဝေးပြေးလမ်းပေါ်မှာ ခရီးသည်တင်ကားတစီး ပေါက်ကွဲခဲ့လို့ လူ ၇ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရတယ်လို့ အဆင့်မြင့် စစ်ဘက်အရာရှိတယောက်က ပြောပါတယ်။ အခင်းဖြစ်ရာ နေရာဟာ တရားမဝင် လက်နက်ကိုင်အုပ်စုတွေက ထိန်းချုပ်ထားတဲ့ အဓိက မူးယစ်ကုန်ကူးသူတို့ နယ်မြေထဲမှာပါ။ မြို့တော် ဘိုကိုတာရဲ့ အရှေ့တောင်ဘက် မိုင်၃ရာ အကွာက ကောင်ကာခရိုင် ကျေးလက်ဒေသမှာ ဖေဖော်ဝါရီ ၁၇ ရက်က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။ ပေါက်ကွဲချိန်မှာ သေဆုံးသူတွေက ကားထဲကနေ လွင့်ထွက်လာခဲ့တယ်လို့ ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ပေါက်ကွဲမှုအရှိန်ကြောင့် တခြား ကား ၂ စီးပါ လမ်းပေါ်က လွင့်ထွက်လာပြီး ကားထဲက လူတွေ ဒဏ်ရာရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ ဒေသဟာ အမျိုးသားလွတ်မြောက်ရေးတပ် ELN က ‌‌ပြောက်ကျားတပ်နဲ့ ငြိမ်းချမ်းရေးယူပြီးသား ဖှားသူပုန်တပ်ဖွဲ့ထဲက သဘောထား ကွဲလွဲသူတွေ အားပြိုင်ရာ ဒေသပါ။ မူးယစ်ကုန်ကူးမှုနဲ့ ပတ်သက်နေတဲ့ ရာဇဝတ်အုပ်စုတွေလည်း ထူပြောတယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ကိုကင်းထုတ်လုပ်မှုနဲ့ ကိုကာပင် စိုက်ပျိုးမှုတွေက ဒေသတွင်း ပဋိပက္ခကို မီးလောင်ရာ ဆီလောင်းနေတယ်။ နှစ် ၅၀ ကျော်ကြာ ပဋိပက္ခအတွင်း လူ ၂၆၀၀၀၀ ကျော် သေဆုံးပြီး သန်းနဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ အစိုးရက ပြောပါတယ်။ နိုင်ငံအတွင်း ဒေသအသီးသီးမှာ ELN တပ်တွေက ကားမီးရှို့တာ၊ လမ်းပိတ်တာ၊ နိုင်ငံသားတွေကို ခြိမ်းခြောက်တာ၊ စစ်တပ်လှည့်ကင်းတွေကို တိုက်ခိုက်တာတွေ တိုးလာချိန်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
1 year Ago

February 18, 2020

ရန်ကုန်-ပြည်ကားလမ်းတွင် တရားမဝင်သစ်ကားနှင့် ခရီးသည်တင်ကားတိုက်မိ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ အဝင် ရန်ကုန်-ပြည်ကားလမ်းမိုင်တိုင်အမှတ် ၆၈ အနီးမှာ တရားမဝင် ကျွန်းခွဲသားတွေ တင်ဆောင်လာတဲ့ကားနဲ့ ခရီးသည်တင်ကားတို့တိုက်မိရာ တရားမဝင်သစ်ကား ယာဉ်မောင်းထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ ASIA ခရီးသည်တင်ကားပေါ်ပါသူတဦးက "အခုမှောက်တဲ့ကားက ပြည်ဘက်က မောင်းလာတာ၊ ကျနော်တို့ကားက ရန်ကုန်ကနေလာတာ။ ဒီနားရောက်ခါနီးမှာ နောက်ကပါလာတဲ့ ဧရာသစ္စာ ခရီးသည်တင်ကားက ကျနော်တို့ကားကိုကျော်တက်ပြီး မောင်းအထွက်အခုမှောက်တဲ့ ကားက မလွတ်လို့ လမ်းအောက်အထိရှောင်ပေးပြီး ကားလမ်းပေါ်ပြန်အတက်မှာ မှောက်တာ။ ကျနော်တို့ကားရှေ့မှာ ဒိုင်နာကားတစ်စီးရှိတယ်။ ကားကလမ်းပေါ်ပြန်အတက်မှာ အခြေအနေ မဟန်မှန်းသိလို့ ကျနော်တို့ကားက မှေးမောင်းနေတာကို အဲ့ဒီကားကမှောက်ပြီး ကျနော်တို့ကားကို လာရိုက်မိတာ။ ကားပေါ်မှာခရီးသည်က နည်းတယ်။ ထိခိုက်မိတဲ့သူ မရှိဘူး"လို့ပြောပါတယ်။ NISSAN အဖြူရောင်ခြောက်ဘီးကားဖြစ်ပြီး တရားမဝင် ကျွန်းခွဲသား ၆ တန်ခန့်ပါရှိ ပါတယ်။ ယာဉ်မောင်းထွက်ပြေးသွားတဲ့အတွက် ပိုင်ရှင်ပေါ်ပေါက်ရေးကို တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနနဲ့ ဥက္ကံနယ်မြေရဲစခန်းတို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - မေသွယ်
1 year Ago
Up