ခရီးသည်လှေ နစ်မြုပ်

July 16, 2018

ထိုင်းတွင် ကမ္ဘာလှည့်ခရီးသည်လှေ နစ်မြုပ်မှုမှ ပိတ်မိနေသည့် ရုပ်အလောင်းတခု ဆယ်ထုတ်

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည်လှေ နစ်မြုပ်မှုမှာ ပိတ်မိနေတဲ့ ရုပ်အလောင်းတခုကို ဇူလိုင် ၁၅ ရက်နေ့က ဆယ်ထုတ်ခဲ့တယ်လို့ ဖူးခက်အာဏာပိုင်နဲ့ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့က ပြောပါတယ်။ လူ ၄၇ ဦး သေဆုံးတဲ့ လှေနစ်မှုမှာ ဒီရုပ်အလောင်းဟာ နောက်ဆုံးဆယ်ယူတဲ့ ရုပ်အလောင်းဖြစ်ပါတယ်။ ပျောက်နေတဲ့အလောင်းကို ထိုင်းနဲ့ တရုတ် ပူးတွဲ ကယ်ဆယ်ရေးအဖွဲ့တွေက ၉ ရက်ကြာ ရှာအပြီး နိုင်ငံစုံက လုပ်အားပေး ရေငုပ်သမား ၅ ဦးရဲ့ အကူအညီနဲ့ ရှာတွေ့ခဲ့တာပါ။ အလောင်းမှာပါတဲ့ အဝတ်နဲ့ သွင်ပြင်တွေအရ ဇူလိုင် ၅ ရက် လှေနစ်မှုအပြီး သေဆုံးတဲ့ တရုတ်ခရီးသည်တဦးလို့ ယူဆထားပါတယ်။ သေဆုံးသူ ၄၇ ဦးရဲ့ မိသားစုဝင် ၁၃၇ ဦးကို လက်ခံထားတယ်၊ လျော်ကြေးနဲ့ အာမခံကြေးငွေ အမြန်ဆုံး လက်ခံရရှိအောင် ကူညီပေးနေတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောပါတယ်။ သေဆုံးသူ ၂၉ ဦးရဲ့ မိသားစုတွေဟာ သေဆုံးသူတဦးအတွက် လျော်ကြေး အမေရိကန်ဒေါ်လာ ၃ သောင်းစီနဲ့ စုစုပေါင်း အာမခံငွေ အမေရိကန်ဒေါ်လာ ၉ သိန်း ၆ သောင်းနီးပါး ရခဲ့ကြတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
3 years Ago
Up