ခရီးသည်များအား ဖျော်ဖြေမှုပေးရန် ဆင်ကြီးအား ရိုက်နှက်သည့်ရုပ်သံ ဝေဖန်မှုမြင့်တက်

December 6, 2017

ခရီးသည်များအား ဖျော်ဖြေမှုပေးရန် ဆင်ကြီးအား ရိုက်နှက်သည့်ရုပ်သံ ဝေဖန်မှုမြင့်တက်

ကမ္ဘာလှည့်ခရီးသွားတွေကို ဖျော်ဖြေမှုပေးဖို့အတွက် ဆင်ကြီးတကောင်ကို အလုပ်သမားတွေက ရိုက်နှက်နှိပ်စက်တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံမှာ ဖြစ်ခဲ့တာဖြစ်ပြီး အမိန့်နာခံကာ ဒူးထောက် ထိုင်ချနေတဲ့ ဆင်ကြီးကို အမျိုးသား ၃ ဦးက တုတ်ရှည်တွေနဲ့ ရိုက်နှက်ခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ထိုးနှက်ရိုက်ပုတ်မှုကြောင့် ဆင်ကြီးဟာ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး  ခြေထောက်ကျိုးသွားခဲ့ရတယ်လို့ အာရှဆင်များ ကာကွယ်ရေးအဖွဲ့ (Save The Asian Elephant) က ပြောပါတယ်။ အဖွဲ့အနေနဲ့ လက်ရှိမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရကို မေးခွန်းထုတ်လိုက်ပြီး ကမ္ဘာလှည့် ခရီးသွားတွေကိုလည်း သွားရောက်လည်ပတ်မှုတွေမလုပ်ဖို့ လှုံ့ဆော် တိုက်တွန်းမှုတွေ လုပ်ဆောင်နေတာပါ။ ဒီကိစ္စအတွက် တာဝန်ရှိသူတွေကိုလည်း အရေးယူပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အာရှဆင်များ ကာကွယ်ရေးအဖွဲ့ (Save The Asian Elephant) မှ အမှုဆောင်အရာရှိချုပ် ဒန်ကန်မက်ဂ်နဲက “အပြစ်ကင်းတဲ့ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တဲ့ တိရစ္ဆာန်တကောင်ကို ခုလို ရိုက်နှက်ညှဉ်းပန်းတာဟာ လူ့အဖွဲ့အစည်းအတွက် ရှက်စရာကောင်းပါတယ်” လို့ ပြောလိုက်တာပါ။
3 years Ago
Up