ခရီးသည်တဦး လေလည် မရပ်ရာမှ

February 17, 2018

ခရီးသည်တဦး လေလည် မရပ်ရာမှ ခိုက်ရန်ဖြစ်ပွား၍ လေယာဉ် အရေးပေါ်ဆင်းသက် (ရုပ်သံ)

လေယာဉ်ပေါ်က ခရီးသည်တဦး လေလည်မရပ်တာကြောင့် ခရီးသည်တွေကြား ရန်ဖြစ်ကြရာကနေ လေယာဉ်အရေးပေါ် ဆင်းသက်လိုက်ရတယ်လို့ မေရာသတင်းမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။ ဒူဘိုင်းကနေ အမ်စတာဒမ်ကို သွားတဲ့လေယာဉ်ပေါ်မှာ သက်ကြီးအဝလွန် အမျိုးသားတဦး လူကြားထဲကနေထွက်ပြီး လေလည်ဖို့ ငြင်းဆန်တာကြောင့် လေယာဉ်ကို အရေးပေါ် ဗီရာနာလေဆိပ်မှာ ဆင်းသက်လိုက်ရတာပါ။ လေလည်တဲ့ အမျိုးသားကြီးရဲ့ဘေးခုံမှာ ထိုင်တဲ့ ဒက်ခ်ျအမျိုးသား ၂ ဦးက လေမလည်ဖို့ ပြောပြီး တရန်ဆာဗီးရားလေယာဉ် ဝန်ထမ်းတွေကို တိုင်တန်းခဲ့ရာကနေ အမျိုးသားကြီးနဲ့ ဒက်ခ်ျလူမျိုး ၂ ဦးကြား ရန်ထဖြစ်ခဲ့ကြတာပါ။ ဒက်ခ်ျအမျိုးသားတွေ အကြိမ်ကြိမ်တောင်းပန်သလို လေယာဉ်ဝန်ထမ်းတွေက လေမလည်ဖို့ တိုက်ရိုက်ညွှန်ကြားပြောဆိုပေမယ့် အမျိုးသားကြီးက ဆက်ပြီးလေလည်ရာကနေ ရန်ပွဲထဖြစ်တာလို့ ဆိုပါတယ်။ ဒါကြောင့် ဈေးသက်သာတဲ့ ဒက်ခ်ျလေကြောင်းလိုင်းရဲ့ လေယာဉ်မှူးက သြစတီးယားနိုင်ငံ ဗီယာနာ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ်ကို အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။ အဲဒီနောက် ရဲအရာရှိတွေ ခွေးတွေနဲ့ လေယာဉ်ပေါ် ရောက်လာပြီး ရန်ဖြစ်သူ လေးဦးကို လေယာဉ်ပေါ်ကနေ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ လူမှုကွန်ရက်ပေါ်မှာ အဲလ်ဖရက်ဒက်ကာဆိုတဲ့ ခရီးသည်က ရန်ဖြစ်သူ ခရီးသည်တွေကို လေယာဉ်ပေါ်က ခေါ်ဆောင်သွားတဲ့ ရုပ်သံကို မတင်ခင် ရဲတွေက ခရီးသည်တွေကြား ရန်ဖြစ်ခဲ့ကြတယ်လို့ ပြောလိုက်ပြီး လေလည်တဲ့ ခရီးသည်အဖိုးကြီးက သူ့ကိုယ်သူ ထိန်းချုပ်ဖို့ မကြိုးစားခဲ့လို့ ဒက်ခ်ျလူငယ် ၂ ဦးကို စော်ကားသလိုဖြစ်ပြီး လူငယ်တွေက အဖိုးကြီးကို စတင်ရန်ဖြစ်ခဲ့ကြတာလို့ ရဲပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ရန်ဖြစ်သူတွေနဲ့ တတန်းထဲမှာ ထိုင်တဲ့ ညီအမ ၂ ဦးကိုလည်း လေယာဉ်ပေါ်က ဆင်းခိုင်းခဲ့ပြီး အမျိုးသမီးတွေကတော့ သူတို့ ဘာအမှားမှ မလုပ်ဘူးလို့ ဒေသခံ သတင်းဌာနတွေကို ပြောပါတယ်။ “ကျမပြောချင်တာက လေယာဉ်ဝန်ထမ်းတွေက ရန်စပြီး ပြဿနာ ရှာတယ်” လို့ အမျိုးသမီး တဦးက ပြောလိုက်ပေမယ့် လေကြောင်းလိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက အမျိုးသမီး ၂ ဦးကလည်း ဆိုးသွမ်းစွာပြုမူပြီး နှုတ်နဲ့ စော်ကားခဲ့တယ်။ သူတို့လေးဦးကို နောက်ထပ် ဘယ်ခရီးမှ သွားမရအောင် တားမြစ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။ ဒီလေးဦးက သြစတီးယား ဥပေဒတွေကို မချိုးဖောက်လို့ ဗီယာနာ လေဆိပ်မှာတော့ ဖမ်းဆီးခြင်း မခံရဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up