ခရီးသည်တင်လေယာဉ်ကြီး မိုးသီးများထိမှန်ပျက်စီး၊ လေယာဉ် အရေးပေါ်ဆင်းသက်

August 1, 2017

ခရီးသည်တင်လေယာဉ်ကြီး မိုးသီးများထိမှန်ပျက်စီး၊ လေယာဉ် အရေးပေါ်ဆင်းသက်

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ဇူလိုင် ၂၈ ရက်နေ့က ရာသီဥတု ဆိုးရွားပြီး မိုးသီးတွေ ကြွေကျခဲ့လို့ ခရီးသည် ၁၂၇ ဦး သယ်ဆောင်လာတဲ့ လေယာဉ်ကြီးကို မိုးသီးအကြီးကြီး ထိမှန်ကာ လေကာမှန်ကွဲသွားပြီး လေယာဉ်ခေါင်းပိုင်းနဲ့ လေယာဉ်မှူးအခန်း အကြီးအကျယ် ပျက်စီးသွားလို့ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်မှူးက အစ္စတန်ဘူလ်မြို့ အတာတက်လေဆိပ်မှာ လေယာဉ်ကို လုံခြုံစိတ်ချစွာ ဆင်းသက်ပြီး လေယာဉ်ပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ ခရီးသည်တွေရဲ့အသက်ကို ကယ်တင်လိုက်နိုင်တာပါ။ လေယာဉ်ကြီးက ဆိုက်ပရက်စ်မြောက်ပိုင်းကို ပျံသန်းဖို့ ထွက်ခွာပြီး ၁၀ မိနစ်အကြာ လေထဲ ၁၃၀၀ မီတာအမြင့်မှာ ပျံသန်းနေစဉ်အတွင်း လျှပ်စီးလက် မိုးခြိမ်းလာပြီး မိုးသီးအကြီးကြီးက လေယာဉ်ကို ထိမှန်ခဲ့တာပါ။ ဒီ့နောက် လေယာဉ်ကြီးရဲ့အပြင်ပိုင်း အများကြီးပျက်စီးခဲ့တယ်၊ လေယာဉ်မှူးအခန်း ပြတင်းပေါက် အပျက်အစီးကလည်း လေယာဉ်မှူး မြေပြင်ကို ဆင်းသက်နိုင်အောင် ကောင်းကောင်းမမြင်ရလို့ အတားအဆီးလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ရာသီဥတုဆိုးရွားလို့ ပိတ်ထားတဲ့ အတာတက်လေဆိပ်က လေယာဉ်ဆင်းသက်ဖို့ ခွင့်ပြုခဲ့ပါတယ်။ မြေပြင်ပေါ် လေယာဉ်ဆင်းသက်စဉ် ခရီးသည်တချို့ရဲ့ အော်ဟစ် ဆုတောင်းသံတွေကိုလည်း ကြားနေရပါတယ်။ လေယာဉ်မှူးက “မိုးသီးကြီးက ကြက်ဥထက်ကြီးမယ်၊ အဲ့ဒါထိပြီး လေယာဉ်မှာ ကွဲကြောင်းအကြီးကြီး ဖြစ်သွားတယ်၊ လေယာဉ်ရဲ့ အော်တိုပိုင်းလော့လို့ခေါ်တဲ့ အလိုအလျောက်ထိန်း ကိရိယာလည်း အလုပ်မလုပ်တော့ဘူး" လို့ ပြောပါတယ်။ “ကျနော် လေယာဉ်မောင်းတာ နှစ် ၃၀ ရှိပြီ၊ လေယာဉ် ဘယ်လိုဆင်းလာတယ်ဆိုတာ ခင်ဗျားတို့မြင်တယ်နော်၊ ဒါက ကျနော်တို့ရဲ့အလုပ်မှာ ဘယ်လောက် ယုံကြည်အားထားရတယ် ဆိုတာကို ပြတာပဲ၊ ကျနော်တို့ရဲ့ ရေဒါက ဒီဆိုးဝါးတဲ့ ရာသီဥတုကို မပြသခဲ့ဘူး၊ ဒါကြောင့် ဒီလိုဖြစ်တာ၊ ခက်ခဲပေမယ့် ခရီးသည်တွေအားလုံး အသက်ရှင်တယ်” လို့ လေယာဉ်မှူးက ဆက်ပြောပါတယ်။ ယူကရိန်းသမ္မတက လေယာဉ်မှူးကို ဂုဏ်ပြုဖို့နဲ့ Ukraine Order of Courage ဆုပေးဖို့ ဖုန်းခေါ်ဆိုခဲ့တယ်၊ တခြားလေယာဉ်က လေယာဉ်မှူးတွေကလည်း ဂုဏ်ပြုခဲ့ကြတယ်လို့ မေရာသတင်းမှာ ဇူလိုင် ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up