ခရီးသည်တင်ယာဉ်များ

November 13, 2018

ကလေး-ဟားခါးလမ်း တောင်နံရံပြိုကျ၊ ခရီးသည်တင်ယာဉ်များ လမ်းပိတ်

ချင်းပြည်နယ်၊ ကလေး-ဟားခါး လမ်းပိုင်း ဗားလုံရွာနဲ့ လုံဘမ်းရွာအကြား တောင်ပေါ် ကားလမ်းမှာ နိုဝင်ဘာ ၁၃ ရက်နေ့ နေ့ခင်း ၁ နာရီလောက်က တောင်နံရံ ပြိုကျနေမှုကြောင့် ခရီးသွားယာဉ်တချို့ ရပ်နားစောင့်ဆိုင်းခဲ့ရတယ်လို့ ခရီးသည်တဦးက ပြောပါတယ်။ "မိုးမရွာဘူး။ တောင်နံရံက တဖြည်းဖြည်း ပြိုကျတယ်။ ကားတချို့ ခရီးသည် ဆင်းခိုင်းပြီး အမြန်ဖြတ်မောင်းတယ်။ ခရီးသည်တွေလည်း ဆင်းပြီး ပြေးဖြတ်ရတယ်" လို့ ခရီးသည် မဇင်မွန်က ပြောပါတယ်။ တောင်ပေါ်လမ်းပိုင်းတွေမှာ မြေစိုထိုင်းမှုကြောင့် လမ်းနံရံတချို့ဟာ မကြာခဏ ပြိုကျမှုတွေ ဖြစ်ပေါ်နေပြီး အချို့နေရာတွေမှာ လမ်းပိုင်း အကုန်ပါသွားတဲ့အထိ မြေပြိုမှုတွေနဲ့ ရင်ဆိုင်နေရ ပါတယ်။ တောင်ပေါ်လမ်း ယာဉ်မောင်းတဦးက "ဒီလို ဖြစ်တာကတော့ မထူးဆန်းတော့ပါဘူး။ လမ်းပိုင်းမြေပြိုတယ်။ အရင်က လမ်းသားအကုန်ပါလို့ စောင့်နေရင်း ဒီလိုဖြစ်ရင် လမ်းပြင်ချိန် စောင့်ရတာကြာတယ်" လို့ ပြောပါတယ်။ ချင်းတောင်လမ်းပိုင်းတွေကို ပြည်နယ်အစိုးရက လမ်းပြိုတတ်တဲ့ နေရာတွေမှာ ယန္တရားတွေထားပြီးအဆက်မပြတ်ပြုပြင်နေပေမယ့် လမ်းပိုင်ပြိုကျမှုဟာ  မနှစ်ကထက် နေရာများလာပြီး ပြိုကျမှုအများဆုံး နေရာတွေကတော့ တီးတိန်နယ် သိုင်းငင်းရွာအနီး မိုင်တိုင် ၂၀ ကျော် ပတ်ကွေ့နေရာ ဖြစ်ပါတယ်။  
3 years Ago

August 31, 2018

ရိဒ် - ကလေး ကားလမ်းဆိုးရွားမှုကြောင့် ခရီးသည်တင်ယာဉ်များ အဆင်မပြေ ဖြစ်နေ

ကလေးမြို့နဲ့ ချင်းပြည်နယ်၊ ရိခေါရ်ဒါမြို့ကို မောင်းနှင်နေတဲ့ ယာဉ်ငယ်လိုင်းတွေအနေနဲ့ မိုးရာသီ တောင်ပေါ်လမ်းတွေ အခြေအနေဆိုးဝါးတာကြောင့် ခရီးသည်ရရှိမှု နည်းနေပြီး အဆင်မပြေ ဖြစ်နေတယ်လို့ ရိဒ်ကလေး ယာဉ်ငယ်အသင်းက ပြည်အားမာန် ဂိတ်မှူး ဦးစောက ပြောပါတယ်။ "ခရီးသည်ကားတွေက တစ်စီးကို လူ ၁၀ ယောက်ကနေ ၁၃ ယောက်စီးကားတွေ။ ဒါပေမယ့် ခု ရာသီလမ်းဆိုးတော့ တစီးကို လူသုံးလေးယောက်လောက်နဲ့ ထွက်နေရတယ်။ ကုန်ကတော့ တရုတ်ထုတ် မုန့်ဖာ အနည်းငယ်ပဲ ရတယ်။" ကလေးနဲ့ ရိခေါရ်ဒါ ကားဂိတ်ကို ပြီးခဲ့တဲ့ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုလို မိုးကာလမှာတော့ လမ်းပန်းခက်ခဲမှုကြောင့် ကုန်ရော လူပါ ရှားပါးနေပါတယ်။ ကုန်ကားယာဉ်မောင်းတဦးက "လမ်းပိုင်က ကလေးနဲ့ တီးတိန်ကြား သိပ်မဆိုးဘူး။ ဒါပေမယ့် တီးတိန်နဲ့ ရိဒ်ကြားကတော့ အတက်အဆင်းဖြစ်ပြီး လမ်းဆိုးတယ်။ အန္တရာယ်လည်း များတယ်။ ဒီလမ်းကောင်းရင်တော့ မိုင် ၃၀ ပဲ ဝေးတာဆိုတော့ ခဏပဲ မောင်းရတယ်" လို့ ပြောပါတယ်။ ရိဒ်ခေါရ်ဒါမြို့ကို ကလေးကနေ အဓိက တရုတ်ထုတ်မုန့်မျိုးစုံ ပို့ဆောင်တာဖြစ်ပြီး ကွမ်းသီးရာသီမှာတော့ ဟိုင်မွာလ်ဂျစ်လို့ ခေါ်တဲ့ ဂျစ်ကားတွေနဲ့ အဓိက ပို့ဆောင်နေရတာပါ။ အခုရာသီမှာတော့ လမ်းဆိုးတာကြောင့် အလေးကုန်တွေကို သယ်ဆောင်တာ ရပ်နားထားပါတယ်။ ရိဒ်ခေါရ်ဒါဟာ အိန္ဒိယနယ်စပ်မှာ ရှိပြီး လူစီးယာဉ်တွေအနေနဲ့ အပြန်ကုန်မရှိဘဲ  ခရီးသည် သီးသန့်နဲ့သာ ပြေးဆွဲနေရပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာတော့ ခရစ္စမတ်ရာသီ ဖြစ်တာကြောင့် ခရီးသည် များပြားတယ်လို့ ဦးစောက ပြောပါတယ်။ လက်ရှိမှာတော့ ကလေးနဲ့ ရိဒ်ကို ယာဉ်ငယ် ၁၃ ဂိတ်က ယာဉ်တွေ အခက်အခဲနဲ့ နေ့စဉ် ပြေးဆွဲနေပါတယ်။ သတင်း - မင်းရဲစစ်နိုင်
3 years Ago
Up