ခရီးသည်တင်ကားနှင့် ကုန်ကားတိုက်မိပြီး ကားမီးလောင်၊ ခရီးသည် ၄ ဦး သေဆုံး

April 28, 2016

ခရီးသည်တင်ကားနှင့် ကုန်ကားတိုက်မိပြီး ကားမီးလောင်၊ ခရီးသည် ၄ ဦး သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း၊ သာဆလခရိုင်တွင်း လမ်းမတခုပေါ်မှာ ခရီးသည်တွေ တင်ဆောင်လာတဲ့ ပစ်ကပ်ထရပ်ကားတစီးနဲ့ ကုန်ကားတစီးဟာ ဧပြီ ၂၇ ရက်နေ့ ညနေပိုင်းမှာ တိုက်မိခဲ့ပြီး လူ ၄ ဦး မီးလောင်သေဆုံးခဲ့ကာ တခြားလူ ၇ ဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီကြောက်မက်ဖွယ် ယာဉ်တိုက်မှုဟာ နာခွန်-ဆူရတ် လမ်းမကြီးပေါ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ရဲဌာနကို ညနေပိုင်း ၅ နာရီ ၄၀ မိနစ်မှာ အကြောင်းကြားခဲ့တာဖြစ်တယ်လို့ သာဆလခရိုင်ရဲဌာန စုံစမ်းရေးအရာရှိ သာဗွန်ချန်သရာပေါင်က ပြောပါတယ်။ ခရီးသည်တွေ တင်ဆောင်လာတဲ့ ဗင်ကားဟာ ဆူရတ်ဌာနီခရိုင် လိုင်စင်ပလိတ်ပြား တပ်ဆင်ထားတဲ့ ကားဖြစ်ကာ နာခွန်ဆီ သမန်ရက်ခရိုင်ကနေ ဆူရတ်ဌာနီခရိုင်ဆီ အရှိန်နဲ့ မောင်းနှင်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကားမောင်းသမားဟာ တဘက်မှ မောင်းနှင်လာတဲ့ ကုန်ကားနဲ့ အရင်တိုက်မိခဲ့ပြီး နောက်မှာ တပတ်လည်ပြီး လမ်းဘေးမှာရှိနေတဲ့ ပြင်ဆင်နေဆဲ ဓာတ်တိုင်တတိုင်ကို တိုက်မိခဲ့ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်တစီးကိုပါ ဆက်တိုက်မိခဲ့တာပါ။ အဲဒီလိုတိုက်မိပြီး ဗင်ကားဟာ လမ်းပေါ်မှာ တပတ်လည်ထွက်သွားကာ မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ရဲတွေနဲ့ ကယ်ဆယ်ရေးသမားတွေဟာ အခင်းဖြစ်တဲ့နေရာကို ရောက်ရှိခဲ့ချိန် ကားဟာ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး မီးသတ်သမားတွေက အချိန် ၁ နာရီလောက် ကြာအောင် ငြှိမ်းသတ်ခဲ့ရတာပါ။ ဆိုင်ကယ်ဟာလည်း အဆိုပါကားအနီးမှာ မီးလောင်ကျွမ်းလျက်သား တွေ့ရှိခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။ သေဆုံးခဲ့သူ ၄ ဦးမှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတဦး ပါဝင်ပြီး သူတို့ဟာ မီးလောင်ကျွမ်းနေစဉ် ကားပေါ်မှာ ပိတ်မိနေခဲ့ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ တခြားခရီးသည် ၇ ဦးလည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး သူတို့ကို သာဆလဆေးရုံဆီ ပို့ဆောင်ပေးခဲ့တာပါ။ သူတို့ထဲက တဦးကိုတော့ မဟာရက် နာခွန်စီသမာရက်တ် ဆေးရုံဆီ လွှဲပြောင်းခဲ့ကာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
6 years Ago
Up