ခရီးသည်ကို လေယာဉ်ပေါ်မှ အင်အားသုံးဆွဲချခဲ့သည့် လေကြောင်းလိုင်း ဝေဖန်ခံရ

April 11, 2017

ခရီးသည်ကို လေယာဉ်ပေါ်မှ အင်အားသုံးဆွဲချခဲ့သည့် လေကြောင်းလိုင်း ဝေဖန်ခံရ (ရုပ်သံ)

ယူနိုက်တက်လေကြောင်းလိုင်းဟာ ခရီးသည်အမျိုးသားတဦးကို အင်အားသုံးပြီး လေယာဉ်ပေါ်ကနေ ကြမ်းကြမ်းတမ်းတမ်း ဆွဲချဖယ်ရှားခဲ့တဲ့အတွက် ဝေဖန်ခံနေရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဧပြီ ၉ ရက် ညနေပိုင်းက ချီကာဂိုမြို့ကနေ လူးဝစ္စဗီးလ်မြို့ကို ထွက်ခွာမယ့် လေယာဉ်တစီးပေါ်မှာ ဖြစ်ခဲ့တာလို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ခရီးသည်အမျိုးသားတဦးဟာ သူ့ရဲ့ နေရာထိုင်ခုံကနေ ကြမ်းကြမ်းတမ်းတမ်း တရွတ်ဆွဲခေါ်ခံခဲ့ရတာကို တွေ့ရပါတယ်။ ဒါဟာ လေယာဉ် ကြိုတင်လက်မှတ်ရောင်းချရာမှာ ထပ်နေတဲ့ ပြဿနာလို့ ဝေဖန်မှုတွေလည်း ရှိနေခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ ပရိသတ်တွေဟာ ဒေါသထွက်ခဲ့ကြပြီး ခရီးသည်တဦးအပေါ် ခုလိုပြုမူဆက်ဆံမှုအတွက် လေကြောင်းလိုင်းအနေနဲ့ ပြန်တောင်းပန်ဖို့ ပြောနေခဲ့ကြတာပါ။ အချိန် စက္ကန့် ၃၀ နီးပါသာကြာမြင့်တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို တွစ်တာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြန်လည်မျှဝေသူ ၁ သောင်း ၆ ထောင်လောက် ရှိခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို တင်ခဲ့တဲ့ ဂျေဆီ ဒီအန်းပက်ခ်ျကတော့ သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ “ယူနိုက်တက်လေကြောင်းလိုင်းက လက်မှတ်အပိုရောင်းခဲ့ပြီး ခရီးသည်တွေထဲက ၄ ယောက်ကို ခုံနေရာတွေကနေ ဗော်လံတီယာအနေနဲ့ ဖယ်ရှားပေးစေချင်ခဲ့တယ်။ ဘယ်သူကမှ ဒါကို လက်မခံခဲ့တဲ့အတွက် လေကြောင်းလိုင်းကပဲ ရွေးချယ်ခဲ့တယ်။ သူတို့ဟာ အာရှသား ဆရာဝန်တယောက်နဲ့ သူ့ဇနီးကို ရွေးလိုက်ချိန်မှာ ဆရာဝန်က နောက်တနေ့ ဆေးရုံမှာ အလုပ်ရှိနေလို့ မလုပ်နိုင်ဘူးလို့ ငြင်းပယ်ခဲ့တယ်။ ၁၀ မိနစ်လောက်ကြာတဲ့အချိန်မှာတော့ ဆရာဝန်ဟာ မျက်နှာမှာ သွေးတွေနဲ့ ပြန်လာခဲ့ပြီး အိမ်ပြန်ရမယ်လို့ ရေရွတ်နေပြီး ခုံကို တွယ်ကပ်ထားခဲ့တာ” လို့ ရေးခဲ့တာပါ။ သူ့ကို နေရာကနေဖယ်ရှားဖို့ လုံခြုံရေးအရာရှိ ၃ ဦး ပါဝင်ခဲ့ကြတယ်လို့ ချီကာဂို လေကြောင်းပို့ဆောင်ရေးဌာနက ပြောလိုက်ပါတယ်။ ဌာနအနေနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကြေညာချက်တခု ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။ နောက်ထပ်ခရီးသည်တဦးဖြစ်တဲ့ အူဒရာ ဒီဘရစ်ဂ်ျက ရိုက်ယူထားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာဖြစ်ပြီး ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သိန်းကျော် ရှိခဲ့တာပါ။ သူက ရုပ်သံဖိုင်အညွှန်းမှာ “ဒီရုပ်သံဗွီဒီယိုဖိုင်ကို ပြန်မျှဝေလိုက်ပါ။ ကျမတို့ဟာ လေယာဉ်ပေါ်မှာပါ။ ယူနိုက်တက်လေကြောင်းလိုင်းက ကြိုတင်လက်မှတ်ပိုရောင်းထားခဲ့တယ်” လို့ ရေးခဲ့တာပါ။ “လေကြောင်းလိုင်းဟာ သူတို့ရဲ့ အမြဲတမ်းဝန်ထမ်းတွေ နေရာအတွက် ခရီးသည်တွေထဲက ကျပန်းရွေးပြီး ခုံနေရာတွေက ဖယ်ထုတ်ပစ်ဖို့ လုပ်ခဲ့တယ်။ ဒီအမျိုးသားဟာ နောက်တနေ့မှာ လုပ်ငန်းခွင်ဝင်ရမယ့် ဆရာဝန်တယောက်ပါ။ သူဟာ နေရာကနေ ဖယ်မပေးချင်ခဲ့ပါဘူး။ ကျမတို့အားလုံး စိတ်ပျက်တုန်လှုပ်မိပါတယ်။” ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း ဒီအဖြစ်အပျက်ကို ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပြီး မှတ်ချက်ရေးသူ သောင်းနဲ့ချီ ရှိနေခဲ့ပါတယ်။
4 years Ago
Up