ခရီးစဉ်အားလုံးဖျက်သိမ်း (ရုပ်သံ)

March 31, 2018

လေယာဉ်ကွင်း ခရီးသည်တင် ဘတ်စ်ကားကြီး မီးလောင်၊ ခရီးစဉ်အားလုံးဖျက်သိမ်း (ရုပ်သံ)

အရှေ့တောင်ပိုင်း အင်္ဂလန် အက်စက်စ်ကောင်တီမှာရှိတဲ့ စတန်းစတက်ဒ်လေဆိပ်မှာ လေယာဉ်ကွင်းခရီးသည်တင် ဘတ်စ်ကားမီးလောင်ပြီး စတန်းစတက်ဒ်လေဆိပ်က လေယာဉ်ခရီးစဉ်အားလုံး ဖျက်သိမ်းခဲ့ရလို့ အီစတာပွဲတော်အတွင်း ခရီးထွက်သူ ထောင်ပေါင်းများစွာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရပါတယ်။ စိတ်ပျက်လက်ပျက်ဖြစ်နေကြတဲ့ အားလပ်ရက်ခရီးထွက်သူတွေကို သူတို့ရဲ့ ခရီးဆောင်တွေနဲ့အတူ လေဆိပ်ကနေ အတင်းထွက်ခွာခိုင်းခဲ့ရပြီး သူတို့ခရီးစဉ်တွေကို ဒီနှစ်နောက်ပိုင်းမှာ အချိန်ပြောင်းရွှေ့ထားတယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ မတ်လ ၃၀ ရက်နေ့မှာ လေဆိပ်ရဲ့ ထွက်ခွာအဆောက်အအုံနဲ့ အဓိကဆိုက်ရောက်ရာ အဆောက်အအုံတွေရဲ့ အပြင်ဘက်မှာ လေဆိပ်ခရီးသည်တင် ဘတ်စ်ကားမီးလောင်ခဲ့လို့ အနည်းဆုံး လေယာဉ်ခရီးစဉ် ၅၂ ခု ဖျက်သိမ်းခဲ့ရတာပါ။ ကားစက်ပိုင်းဆိုင်ရာ လျှပ်စစ် ယိုယွင်းမှုကြောင့် မီးလောင်ခဲ့တာလို့ ယူဆရပြီး တဦးတယောက်မှတော့ ဒဏ်ရာ မရခဲ့ပါဘူး။ လေဆိပ်အဆောက်အအုံထဲမှာ မီးခိုးလုံးကြီးတွေ ထွက်လာချိန် ခရီးသည်တွေအားလုံးကို လေဆိပ်ဂိတ်တွေကနေ ချက်ခြင်းထွက်ခွါခိုင်းခဲ့ပြီး ခရီးသွားတွေကိုတော့ လုံခြုံရေးတွေရဲ့ ထပ်မံအစစ်ဆေးခံဖို့ ပြောခဲ့ပါတယ်။ လေဆိပ်အာဏာပိုင်တွေက မတ်လ ၃၀ ရက်နေ့က ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုအပြီး မတ်လ ၃၁ ရက်နေ့ မနက်ဘက်မှာတော့ လေဆိပ်ကို ပုံမှန်ပြန်လည် လည်ပတ်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ လေဆိပ်ပြောရေးဆိုခွင့်ရှိသူက “ခရီးစဉ်အားလုံး ဖျက်သိမ်းပြီး ခရီးသည်တွေကို လေဆိပ်က ထွက်ခွာဖို့ ယဉ်ယဉ်ကျေးကျေးတောင်းဆိုခဲ့ပါတယ်။ အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်။ ကိုယ့်လေယာဉ်တွေမှာပဲ လတ်မှတ်တွေ ပြန်ပြီးကြိုတင်မှာယူဖို့ အကြံပြုပါတယ်” လို့ ပြောပြီး မတ်လ ၃၁ ရက်နေ့မှာ လေဆိပ်ကို ပြန်ဖွင့်ကာ ခရီးစဉ်တွေ ပုံမှန်အတိုင်းလည်ပတ်ဖို့ မျှော်လင့်ကြောင်း အတည်ပြုခဲ့ပါတယ်။ မီးလောင်မှုကိုလည်း အရေးပေါ်စုံစမ်းပြီး နောက်ဆုံးရသတင်းကို အမြန်ထုတ်ပြန်မယ်” လို့ လေဆိပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ရုပ်သံထဲမှာလည်း လေဆိပ်ရဲ့အဓိကဆိုက်ရောက်ရာ အဆောက်အအုံ အပြင်ဘက်မှာ ဘတ်စကား မီးလောင်နေတာ တွေ့မြင်ရပါတယ်။ ယူကေမှာတော့ စတန်းစတက်ဒ်လေဆိပ်က အစည်ကားဆုံး လေဆိပ်တွေထဲက တခုဖြစ်ပြီး တနှစ်ကို ခရီးသည်ပေါင်း သန်း ၂၀ ကျော်လောက်ကို စီမံခန့်ခွဲရတယ်လို့ သည်ဆန်းသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up