ခရိုင်အတော်များများ

September 10, 2021

ထိုင်းနိုင်ငံ ခရိုင်အတော်များများတွင် ရေကြီးရေလျှံ

ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်အတွင်း ကွန်ဆင်အမည်ရှိ မုန်တိုင်းဖြတ်သန်းသွားတာကြောင့် ခရိုင်အတော်များများမှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မြန်မာနယ်စပ် တာ့ခ်ခရိုင် တာ့ခ်မြို့မှာဆိုရင် မနေ့က မိုးတနေကုန်ရွာပြီး အာရှလမ်းမကြီးပေါ် ရေတွေဖုံး တစ်မီတာကျော် လွှမ်းသွားလို့ ကားငယ်တွေသွားလို့မရတော့ဘဲ နာရီအတော်ကြာ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်သွားခဲ့တယ်လို့ မာ့ဒီချွန်းသတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင်တာ့ခ်နဲ့ လမ်းပန်းခရိုင်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်ရှိ  ဖဒုန်ပန်းယား စာသင်ကျောင်း၊ ဌာနဆိုင်ရာရုံးနဲ့ လူနေအိမ်ခြေတချို့ထဲ ရေတွေဝင်လို့ ပစ္စည်းတွေကိုမြင့်တဲ့နေရာ ရွှေ့ ပြောင်းထားခဲ့ရပါတယ်။

လမ်းပန်းခရိုင် ထိန်းမြို့နယ်မှာလည်း မယ်ပါ့လူင် ၊ မယ်ပါ့ဒွိုင်၊ မယ့်မောစတဲ့ ကျေးရွာအုပ်စုထဲမှာ ဒီမနက် ၂ နာရီကျော်ကစရေတွေတက်လာပြီး အိမ်ခြေ ၃၀၀ ကျော်ရေဘေးသင့်ခဲ့ရကြောင်း၊ လမ်းပန်းမြို့ပေါ်မှာ အိမ်ခြေ ၁၀ လုံးလောက် ရေတွေဝင်လာပြီး ဘန့်ဟွေ့လိုက်ရွာမှာ တံတားတစ်စင်း အောက်ခြေတိုက်ရွှေ့သွားကာ စာသင်ကျောင်းထဲ ရေတွေဝင်လို့ ကျောင်းပိတ်လိုက်ရတယ်လို့ ထိုင်းပီဘီအက်စ် သတင်းမှာ ဖော်ပြပါတယ်။

ဖစ်ချဘွန်းခရိုင်၊ လုံကောင်မြို့နယ်၊ တာကလွဲကျေးရွာအုပ်စုမှာ တောင်ကျရေတွေ ပါဆပ်ချောင်းထဲစီးဝင်လာပြီး ချောင်းဘေးက အိမ်ခြေပေါင်း ၁၀၀ ကျော် ရေဝင်ခဲ့သလို အိမ်ငယ် တချို့ရေထဲကိုအလုံးလိုက်မျောပါသွားကြောင်း၊ ရွာထဲက တံတားငယ်တွေကျိုးကျတာရှိပြီး နမ့်နောင်မြို့ နယ် ရပ်ကွက် ၅ မှာ နေအိမ် ၆၀ ကျော် ရေဝင်နေတယ်လို့ ဆိုပါတယ်။ 

ဗိသနုလုတ်ခရိုင် ဝမ်းထောင်းန်မြို့နယ် ကဲင်ဆိုးဖားကျေးရွာအုပ်စုမှာ ကနေ့မနက်က  တောင်ကျရေတွေ ရွာထဲဝင်လာလို့ အိမ်ထဲကပစ္စည်းတွေ အမြင့်နေရာသို့ ရွှေ့ပြောင်းထားခဲ့ရ ပါတယ်။ 

ထိုင်းအရှေ့မြောက်ပိုင်း လွဲ့အစ်ခရိုင် လွဲ့အစ်မြို့မှာလည်း မိုးသည်းထန်ပြီး လမ်းမပေါ်ကရေတွေ အဆောက်အဉီထဲ ဝင်ရောက်လာကြောင်း၊ ဖနွမ်ထိုင်းဆေးရုံထဲပါ ရေတွေဝင်လို့ ကိုဗစ်-၁၉ လူနာတွေကို ရေဘေးကင်းရာရွှေ့ထားရပြီး ဆေးရုံဝန်ထမ်းနေအိမ်တွေထဲလည်း ရေတွေဝင်ရောက်ခဲ့တယ်လို့  ချနယ်လ် ၃ တီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် ထိုင်းအရှေ့ပိုင်း၊ ပရာကျင်းပူးရီးခရိုင်၊ ထိုင်းတောင်ပိုင်း ကရပီ ၊ တရန်း စတဲ့ခရိုင်တွေမှာလည်း မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ မိုးလေဝသနဲ့ဇလဗေဒဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ တောင်တရုတ်ပင်လယ်ပြင်မှာ ဗဟိုပြုတဲ့ ကွန်ဆင်းအမည်ရှိ အပူပိုင်းမုန်တိုင်းဟာ  ဗီယက်နမ်နိုင်ငံကနေတဆင့် ကပ္ပလီပင်လယ် နဲ့ ထိုင်းပင်လယ်အော်သို့ ရောက်လာမယ်လို့ ခန့်မှန်းပါတယ်။

မုန်တိုင်းတိုက်ခတ်နှုန်း ၁ နာရီလျှင် ၁၅ ကီလိုမီတာရှိပြီး လာမယ့် ၂၄ ရာရီအတွင်း  ခရိုင်ပေါင်း ၅၀ ကျော် ( တနိုင်ငံလုံးရဲ့ ၇၀ ရာခိုင်နှုန်း)မှာ မိုးဆက်လက်ရွာသွန်းမယ့် အခြေအနေရှိတယ်လို့ ဆိုပါတယ်။

မိုးရွာသွန်းနိုင်မယ့်ခရိုင်တွေဟာ ထိုင်းအရှေ့ပိုင်း၊ တောင်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေဖြစ်ကြောင်း၊တချို့နေရာမှာ မိုးကြီး လေကြီး ကျရောက်နိုင်ပြီး တောင်ကျရေတွေ သတိထားဖို့ ၊ ပင်လယ်ပြင်မှာ လှိုင်းလုံးတွေ ၂ မီတာမှ ၃ မီတာထိမြင့်နိုင်လို့  လှေငယ်တွေ ကမ်းမထွက်ဖို့ မိုးဇလဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

Photo: Manit Sanubboon/Bangkok Post

2 years Ago
Up