ခရမ်းရောင်ရင်ထိုး ကမ်ပိန်းပြုလုပ်

November 3, 2020

အမျိုးသမီးကိုယ်စားလှယ်လောင်းများကို မဲပေးရေး ခရမ်းရောင်ရင်ထိုး ကမ်ပိန်းပြုလုပ်

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြဖို့အတွက် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့‌မှာ နိုဝင်ဘာလ ၃ ရက်မနက်က  ခရမ်းရောင် အစက်အဝိုင်း ရင်ထိုးကမ်းပိန်းပြုလုပ်ခဲ့ပါတယ်။  ကမ်ပိန်းမှာ ဦးဆောင်ပါဝင်တဲ့ SHE LEADS အမျိုးသမီးအဖွဲ့မှ ဒေါ်ပွင့်လွှာဝင်းက " ၂၀၂၀ မှာ ပြိုင်ပွဲဝင်မယ့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံးကို ကျွန်မတို့အသံနဲ့၊ ဒို့အသံတွေနဲ့ ပံ့ပိုးမယ် ၂၀၂၀ ဆိုတဲ့ ကမ်ပိန်းလေး ပြုလုပ်ရခြင်းဖြစ်ပါတယ်”လို့  ပြောပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ စုစုပေါင်းကိုယ်စားလှယ်လောင်း ၃၀၆၉ ဦးမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၂၇ ဦးက  လွှတ်တော်အတွင်း ၄ ရာခိုင်နှုန်း ပါဝင်ခဲ့​ပြီး၊ ၂၀၁၅ မှာ စုစုပေါင်းကိုယ်စားလှယ်လောင်း ၆၀၇၄ ဦးထဲက အမျိုးသမီး ကိုယ်စားလှယ်လောင်း ၈၀၁ ဦး၊ လွှတ်တော်အတွင်း ၁၃ ရာခိုင်နှုန်း ပါဝင်နိုင်ခဲ့​ပါတယ်။ အခု၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပါတီစုံမှ စုစုပေါင်းကိုယ်စားလှယ်လောင်း ၆၉၆၉ ဦးမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၁၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်လို့ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၆ ရာခိုင်နှုန်း ပါဝင်ယှဉ်ပြိုင်ထားတယ်လို့ ဒေါ်ပွင့်လွှာဝင်းက ရှင်းပြပါတယ်။ "ကျမတို့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဒီမိုကရေစီ ရှင်သန်နိုင်ဖို့အတွက် အမျိုးသမီးတွေ အသံ များများဖော်ထုတ်ဖို့ရန် အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို မဲပေးကြပါ။ ခရမ်းရောင် အစက်လေးနဲ့ Follow up like ပေးပါ။ ခရမ်းရောင် အစက်လေးကို တပ်ဆင်ပြီး အမျိုးသမီးကိုယ်စားလှယ်လောင်းအားလုံးကို ပံ့ပိုးကူညီပါလို့ ကျွန်မတို့ တိုက်တွန်းအပ်ပါတယ်။” မြို့မဈေးနဲ့ ချောက်ဖက်ဈေးလေးတို့မှာ ဒီနေ့ပြုလုပ်သော ခရမ်းရောင် အစက်ဝိုင်း ရင်ထိုးကမ်းပိန်းကို SHE LEADS အဖွဲ့မှ ဒေါ်ပွင့်လွှာဝင်းက ဦးဆောင်ကာ ချောက်ရေနံမြေမှ တူညီနှလုံးသား LGBD အဖွဲ့ ၊ မြို့နယ် အမျိုးသမီးကော်မတီ၊ RESCUE အမျိုးသမီးအဖွဲ့၊ ဥတ္တရ လူငယ် အမျိုးသမီးအဖွဲ့၊ စေတနာတွဲလက်လေးများ အမျိုးသမီး အဖွဲ့၊ ဆယ်ကျော်သက် အမျိုးသမီးအဖွဲ့တို့က အမျိုးသမီး ၅၀ ဦးက MASK နဲ့ လက်ကမ်းစာစောင်တွေ ပေးဝေခြင်း၊ ခရမ်းရောင် အစက်ဝိုင်း ရင်ထိုးတို့ကို တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ခဲ့တာပါ။ သတင်း -ကိုလင်း(ချောက်)
2 years Ago
Up