ခရမ်းချဉ်သီးပစ်ပေါက်ပွဲတော်

August 31, 2017

စပိန်တွင်ကျင်းပသည့် ခရမ်းချဉ်သီးပစ်ပေါက်ပွဲတော် လူပေါင်းသောင်းချီ ဆင်နွှဲ (ရုပ်သံ)

စပိန်နိုင်ငံမှာ သြဂုတ် ၃၀ ရက်နေ့က ကျင်းပတဲ့ ခရမ်းချဉ်သီးပစ်ပေါက်ပွဲတော်မှာ လူပေါင်း ၂၂၀၀၀ လောက် လာရောက်ဆင်နွှဲပြီး တဦးနဲ့တဦး ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက် ဆော့ကစားခဲ့ကြပါတယ်။ စပိန်နိုင်ငံ ဗလင်စီယာအနောက်ဘက် ၂၅ မိုင်အကွာက ဘူနောလ်မှာကျင်းပတဲ့ ဒီ နှစ်စဉ် ခရမ်းချဉ်သီးပစ်ပေါက်တဲ့ ပွဲတော်မှာ ၁၆၅ တန်ဝန်းကျင်လောက်ရှိတဲ့ ခရမ်းချဉ်သီးတွေကို ပွဲတော်လာသူတွေက တနာရီအတွင်း ဖြစ်ညှစ်ပစ်ပေါက်ကာ ဆင်နွှဲခဲ့ကြတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ ဒေသခံ ၅ ထောင်နဲ့ နိုင်ငံခြားခရီးသွားဧည့်သည် ၁ သောင်း ၇ ထောင်လောက် ပွဲတော်ကျင်းပရာမြို့မှာ စုဝေးကြပြီး ပွဲတော်ကို နှစ်စဉ် သြဂုတ်လ နောက်ဆုံးပတ်ရဲ့ ဗုဒ္ဓဟူးနေ့မှာ ကျင်းပကြတာပါ။ ယူရို ၃ သောင်း ၆ ထောင်ကျသင့်တဲ့ ခရမ်းချဉ်သီးတွေကို လော်ရီကားကြီး ၆ စီးနဲ့ သယ်လာပြီးနောက် လာရာနာပလာဇာခေါ် အဓိကစုရပ်နေရာဆီကို ထရပ်ကားအသေးတွေနဲ့ သယ်ခဲ့ကြတာပါ။ ကမ္ဘာအနှံ့က ပွဲတော်လာရောက်သူတွေလည်း သူတို့မျက်လုံးတွေကာကွယ်ဖို့ ရေကူးမျက်မှန် အကြီးကြီးတွေ ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ အာဏာပိုင်တွေက ပွဲတော်လာသူတွေအနေနဲ့ ပွဲတော်ကို တဦးနဲ့တဦး အနိုင်ကျင့်ဖို့ လိင်ပိုင်းဆိုင်ရာ နိမ့်ချဆက်ဆံတဲ့ အပြုအမူမျိုးတွေ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ပွဲတော်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ခြေကို ကာကွယ်ဖို့အတွက် ရဲ၊ မီးသတ်၊ ဆေးတပ်သားနဲ့ လုပ်အားပေး ၇၀၀ လောက်က လုံခြုံရေးအတွက် လုပ်ဆောင်ခဲ့ကြပါတယ်။ ပွဲတော်ပြီးဆုံးချိန်မှာ မြို့ကို အရင်လိုပဲ ကောင်းကောင်းမွန်မွန် သစ်သစ်လွင်လွင်ဖြစ်အောင် ၂ နာရီအတွင်း သန့်ရှင်းရေးလုပ်ဖို့ သန့်ရှင်းရေးသမား အယောက် ၈၀ စီစဉ်ထားကြောင်း မြို့တော်ဝန်က ပြောပါတယ်။ “၂ နာရီအတွင်း လမ်းပေါ်မှာ ခရမ်းချဉ်သီးတစက်တောင် တွေ့ရမှာ မဟုတ်ဘူး၊ မြို့က လုံးဝ သန့်ရှင်းသွားမှာဖြစ်လို့ ဒီပွဲလုပ်ခဲ့တယ်လို့တောင် မထင်ရဘူး” လို့ မြို့တော်ဝန်က ပြောပါတယ်။ ပွဲတော်ကို ၁၉၄၅ ခုနှစ်ကတည်းက ကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ မက်ဒရစ်မြို့ ခရီးသွားဝန်ကြီးဌာန အကြီးအကဲတွေက အပြည်ပြည်ဆိုင်ရာ ခရီးသွားပွဲတော်အဖြစ် ကြေညာခဲ့တာလို့ ဆိုပါတယ်။ ပွဲတော်ကို ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာစပြီး ရေပိုက်တွေကနေ ရေတွေဖျန်းချိန်မှာတော့ ပွဲတော်ပြီးဆုံးတဲ့ အမှတ်အသားလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ပွဲတော်ကျင်းပတာကို အစားအစာတွေ ဖြုန်းတီးတယ်လို့ ဝေဖန်သူတွေက ဝေဖန်ခဲ့ကြပေမယ့် ပွဲတော်အတွင်းမှာသုံးတဲ့ ခရမ်းချဉ်သီးတွေက အစားအသောက်အဖြစ် ရောင်းဖို့ အဆင့်မမီတော့ဘဲ လွှင့်ပစ်ရမှာတွေ ဖြစ်တယ်လို့ ကျင်းပသူတွေက ပြန်လည်ပြောခဲ့ကြောင်း မေရာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

February 20, 2017

ချီလီနိုင်ငံတွင် ကျင်းပသည့် ခရမ်းချဉ်သီးပစ်ပေါက်ပွဲတော် (ရုပ်သံ)

ချီလီနိုင်ငံမှာ ရာနဲ့ချီတဲ့လူတွေဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကကျင်းပတဲ့ ခရမ်းချဉ်သီးပစ်ပေါက်ပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ဒါဟာ ကွီလုံမြို့မှာ ၇ ကြိမ်မြောက်ကျင်းပတာဖြစ်ပြီး ပွဲတော်မှာ ခရမ်းချဉ်သီးအလေးချိန် ၁ တန် အသုံးပြုခဲ့ရတယ်လို့ စီဂျီတီအဲန်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လူတွေဟာ ခရမ်းချဉ်သီးတွေ ဖြည့်သွင်းထားတဲ့ နေရာတွင်းမှာ ပျော်ရွှင်စွာ ပစ်ပေါက်ဆော့ကစားပြီး ဆင်နွှဲခဲ့ကြတာကို တွေ့ရမှာပါ။ မီးသတ်သမားတွေဟာ ကစားနေကြသူတွေကြား ရေတွေနဲ့ ပက်ဖျန်းပေးနေခဲ့ကြပြီး ဒီပွဲတော်ကို ဒေသတွင်း ၂၀၁၃ ခုနှစ်မှာ စတင်ကျင်းပခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
4 years Ago
Up