ခရစ်ယာန်အမျိုးသမီး

January 30, 2019

သေဒဏ်ကျ ခရစ်ယာန်အမျိုးသမီးကို လွှတ်ပေးသည့်အပေါ် အသနားခံလွှာတင်သွင်းမှု ပါကစ္စတန်တရားရုံးချုပ် ပယ်ချ

ပါကစ္စတန် ခရစ်ယာန် အမျိုးသမီးကို တရားသေလွှတ်ပေးလိုက်တဲ့အပေါ် အစ္စလာမ္မစ်တွေက အသနားခံလွှာ တင်သွင်းမှု တရားရုံးချုပ်က ဇန်နဝါရီ ၂၉ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ အစ္စလာမ်ဘာသာကို စော်ကားမှုနဲ့ အီရှာဘီဘီဆိုသူ ခရစ်ယာန်အမျိုးသမီးကို ၂၀၁၀ ခုနှစ်က သေဒဏ်ချမှတ်ခဲ့ပါတယ်။ အီရှာဟာ မွတ်စလင် မဟုတ်တဲ့အတွက် အိမ်နီးချင်းတွေက သူတို့ဖန်ခွက်နဲ့ ရေမတိုက်တဲ့အပေါ် သူက အစ္စလာမ်ဘာသာကို  ပုတ်ခတ်ပြောခဲ့တဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံရတာ ဖြစ်ပါတယ်။ အဲဒီပြစ်ဒဏ်နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ပါကစ္စတန် တရားရုံးချုပ်က အီရှာကို တရားသေ လွှတ်ပေးခဲ့ပါတယ်။ တရားသေ လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ဘာသာရေး သဘောထား တင်းမာသူတွေက ဆန္ဒပြပွဲတွေ ပြုလုပ်ပြီး အီရှာကို နိုင်ငံကနေ ထွက်ခွာခွင့်မပြုရေး အစိုးရကို တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အစ္စလာမ္မစ်တွေက တရားသေလွှတ်ပေးတဲ့အပေါ် ဆန့်ကျင်တဲ့ အသနားခံလွှာကို တင်သွင်းခဲ့ပါတယ်။ တရားသေ လွတ်မြောက်ခဲ့တဲ့ အီရှာဘီဘီဟာ ပုန်းအောင်းနေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago

November 9, 2018

သေဒဏ်ချမှတ်ခံရသည့် ခရစ်ယာန်အမျိုးသမီးကို လွှတ်ပေးမှုအပေါ် အစ္စလာမ်ဘာသာဝင် ထောင်ချီ ဆန္ဒပြ

အစ္စလာမ်ဘာသာအပေါ် စော်ကားမှုနဲ့ သေဒဏ်ချမှတ်ခံရသူ ခရစ်ယာန်အမျိုးသမီးကို တရားသေလွှတ်ပေးလိုက်တဲ့အပေါ် ထောင်နဲ့ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေ နိုဝင်ဘာ ၈ ရက်နေ့က ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ တာဝန်ရှိသူတွေက ပါကစ္စတန် ခရစ်ယာန်အမျိုးသမီး အေရှာ ဘီဘီ နိုင်ငံခြားထွက်သွားခဲ့တယ်ဆိုတဲ့ သတင်းတွေကို ပယ်ချခဲ့ပြီး သူဟာ နိုင်ငံအတွင်း လုံခြုံတဲ့နေရာမှာ ရှိနေတယ်လို့ ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ ဆန္ဒပြပွဲကို နိုင်ငံရေး၊ ဘာသာရေး ပါတီများ မဟာမိတ်အဖွဲ့ (MMA) က ဦးဆောင်ကျင်းပခဲ့တာပါ။ ဆန္ဒပြပွဲမှာ MMA အဖွဲ့ ခေါင်းဆောင်က “ပါကစ္စတန် ပြည်သူ့တရားရုံးဟာ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချပါတယ်။ နိုင်ငံတကာဖိအားအရ လုပ်ဆောင်တဲ့ ဘယ်လိုဆုံးဖြတ်ချက်ကိုမှ လက်မခံပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ အစ္စလာမ်ဘာသာအပေါ် ပုတ်ခတ်စော်ကားမှု စွဲချက်တွေနဲ့ ခရစ်ယာန်အမျိုးသမီး အေရှာ ဘီဘီကို ၂၀၁၀ ခုနှစ်က ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အခုအခါ ပါကစ္စတန် တရားရုံးချုပ်က သူ့ကို တရားသေ လွှတ်ပေးခဲ့ပါတယ်။
3 years Ago
Up