ခရစ်ယာန်ဘုန်းတော်ကြီး

August 16, 2018

ခရစ်ယာန်ဘုန်းတော်ကြီးအပါး ၃ဝဝ က ကလေးငယ် ၁၀၀၀ ကျော်ကို လိင်ပိုင်းစော်ကား

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ရိုမန်ကက်သလစ်ကျောင်း ၆ ကျောင်းရဲ့ ခရစ်ယာန်ဘုန်းတော်ကြီး အပါး ၃ဝဝ လောက်ဟာ ကလေးငယ် ၁၀၀၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာသစ်ကို ပင်ဆယ်ဗေးနီးယား ဂျူရီလူကြီးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ဂျူရီအဖွဲ့ရဲ့ အစီရင်ခံစာဟာ ရိုမန်ကက်သလစ်ကျောင်း ၆ ကျောင်းရဲ့ ကျောင်းတွင်း စာတွက်စာတမ်း အထောက်အထားတွေအပေါ် အခြေခံပြီး ထုတ်ပြန်လိုက်တာပါ။ အမှန်တကယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ ကလေးတွေထဲမှာ မှတ်တမ်းမှတ်ရာ ဖျောက်ဖျက်ခံရတဲ့ ကလေး၊ ထုတ်ဖော်ပြောဆိုဖို့ ကြောက်ရွံ့ခဲ့တဲ့ ကလေးအရေအတွက်ဟာ ထောင်ဂဏန်းထိ ရှိတယ်လို့ ယုံကြည်ကြောင်း ဂျီရီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “ခရစ်ယာန်ဘုန်းတော်ကြီးတွေက ယောက်ျားလေးတွေနဲ့ မိန်းကလေးငယ်တွေကို အဓမ္မကျင့်ခဲ့ကြပါတယ်။ ကျောင်းတော် တာဝန်ရှိသူတွေက ဒီအဖြစ်တွေကို ဘာမှ အရေးမယူတဲ့အပြင် ဖုံးကွယ်ထားတာမျိုးတောင် လုပ်ခဲ့ကြတယ်” လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂျူရီလူကြီးတွေရဲ့ သြဂုတ် ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ပင်ဆယ်ဗေးနီးယားပြည်နယ်က ရိုမန်ကက်သလစ်ကျောင်း ၆ ကျောင်းက ဘုန်းတော်ကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ၁၉၄၇ ခုနှစ်ကာလအထိ နောက်ကြောင်းပြန် စုံစမ်းဖော်ထုတ်ထားတယ်လို့လည်း စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up