ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ရဲ့ ခရစ္စမတ်နေ့ သတင်းစကား ရုပ်သံလွှင့် ပြောကြားရာမှာ သဟဇာတဖြစ်မှုနဲ့ စည်းလုံးမှုတန်ဖိုးကို အလေးထားပြောကြားသွားပါတယ်။
၂၀၁၉ ဟာ တော်ဝင်မိသားစုအတွက်ရော ဘရဲဆစ်အတွက် ရုန်းကန်ရတဲ့ ဗြိတိန်အတွက်ပါ ကြမ်းတမ်းတဲ့ နှစ်တနှစ်လို့ အဲလိဇဘက်ဘုရင်မကြီးက ပြောပါတယ်။
ဘုရင်မကြီးရဲ့ ကြင်ရာတော် အသက် ၉၈ နှစ်အရွယ် အီဒင်ဘာ့ဂ်မြို့စားကြီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ကားမတော်တဆမှုဖြစ်ခဲ့သလို ခရစ္စမတ်ကာလမှာလည်း ဆေးရုံတက်ခဲ့ရပါတယ်။
မြေးနှစ်ဦးဖြစ်တဲ့ ဝီလျံနဲ့ ဟယ်ရီတို့အကြား သဘောထားကွဲလွဲတာတွေ ဖြစ်ခဲ့ပြီး ဒါက လည်း ဘုရင်မကြီးအဖို့ နောက်ထပ် ဆိုးရွားတဲ့နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။
အီးယူကနေ ဗြိတိန် နုတ်ထွက်ရေး ဆုံးဖြတ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၃ နှစ်ခွဲကစလို့ ဗြိတိန်မှာ ဒေသတွင်းနဲ့ နိုင်ငံရေးဆိုင်ရာ အကွဲအပြဲတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။
ဒါကြောင့် “ယုံကြည်မှု၊ မျှော်လင့်ချက်တို့နဲ့ လှမ်းတဲ့ ခြေလှမ်းငယ်တွေဟာ ကာလရှည် မတူညီမှုတွေနဲ့ အမြစ်တွယ်နေတဲ့ ကွဲပြားမှုတွေကို ကျော်လွှားနိုင်ပြီး သဟဇာတဖြစ်မှုနဲ့ နားလည်မှုကို ဆောင်ကြဉ်းပေးနိုင်ပါတယ်” လို့ စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်လို့ အသက် ၉၃ နှစ်အရွယ် ဘုရင်မကြီးက ခရစ္စမတ်သတင်းစကားပါးခဲ့ပါတယ်။
1 year Ago