ခရစ္စမတ်ကျွန်း

January 29, 2020

တရုတ်ပြည်က ပြန်လာမည့် ဩစတြေးလျနိုင်ငံသားများကို ခရစ္စမတ်ကျွန်းတွင်  သီးခြားခွဲထားမည်

သြစတြေးလျအစိုးရဟာ ဟူဘေးပြည်နယ်က ပြန်လာမယ့် နိုင်ငံသားတွေကို ခရစ္စမတ်ကျွန်းပေါ်မှာ တခြားလူတွေနဲ့ သီးခြားခွဲထားမယ်လို့ ဝန်ကြီးချုပ် စကော့တ်မောရစ်ဆင်က ပြောပါတယ်။ ဟူဘေးပြည်နယ်ထဲမှာရှိတဲ့ သြစတြေးလျနိုင်ငံသား အယောက် ၆၀၀ လောက်ထဲက ဘယ်လောက်ကို ကူညီမယ်ဆိုတာကိုတော့ သူက မပြောပါဘူး။ ဒါပေမဲ့ သြစတြေးလျ အစိုးရဟာ ဟူဘေးပြည်နယ်ထဲက နယူးဇီလန်နိုင်ငံသားတွေနဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေက နိုင်ငံသားတွေကိုပါ ကူညီဖို့ လုပ်သွားမယ်လို့  ပြောပါတယ်။ သြစတြေးလျကျွန်းမကြီးနဲ့ မိုင် ၉၀၀ အကွာ အိန္ဒိယသမုဒ္ဒရာထဲက ခရစ္စမတ်ကျွန်းဟာ အငြင်းပွားဖွယ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ထိန်းသိမ်းရေးဌာန တည်ရှိရာ ကျွန်းပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၅ ယောက်ရှိတယ်လို့ အတည်ပြုထားတဲ့ သြစတြေးလျနိုင်ငံက တရုတ်နိုင်ငံကို ခရီးသွားမယ်ဆိုရင် ပြန်စဉ်းစားဖို့ ခရီးသွားအကြံပြုချက်ကို ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဟူဘေးပြည်နယ်ကို မသွားဖို့နဲ့ လူထူတဲ့ နေရာတွေကို ရှောင်ဖို့လည်း သူ့နိုင်ငံသားတွေကို သြစတြေးလျ အစိုးရက သတိပေးထားပါတယ်။
1 year Ago
Up