ခရစ္စမတ်ကာလ

December 26, 2019

BTS ကေပေါ့အဖွဲ့၏ အမှတ်တရပစ္စည်းများ ခရစ္စမတ်ကာလအတွင်း ကြိတ်ကြိတ်တိုးဝယ်ယူ

နာမည်ကျော် ကေပေါ့အဖွဲ့ BTS ရဲ့ အမှတ်တရပစ္စည်းတွေကို ကေပေါ့ပရိသတ်တွေဟာ ခရစ္စမတ်အကြိုနေ့က ဆိုးလ်မြို့ အအေးဒဏ်ကို အန်တုရင်း တန်းစီဝယ်ယူခဲ့ကြပါတယ်။  ဂန်းနန်ခရိုင်တခုလုံး လူသူခြောက်ကပ်နေပေမယ့် BTS အရောင်းဆိုင် အပြင်ဘက်မှာတော့ အသက်အရွယ်မျိုးစုံ၊ နိုင်ငံ‌သားပေါင်းစုံ ပါဝင်တဲ့ တန်းစီလူအုပ်ကြီးက  ကြီးမားလှပါတယ်။   BTS ရဲ့ Big Hit Entertainment အပါအဝင် ကေပေါ့အေဂျင်စီတွေဟာ သူတို့ရဲ့ အရောင်းဆိုင်တွေကို တိုးချဲ့ဖွင့်လှစ်နေပါတယ်။ ဆိုးလ်မြို့က BTS အရောင်းဆိုင်ဟာ ပထမဆုံးဆိုင်ဖြစ်ပြီး မက္ကဆီကိုနိုင်ငံလို ရေခြားမြေခြားမှာလည်း  ကေပေါ့ အရောင်းဆိုင်တွေ ဖွင့်နေပါပြီ။  အဲဒီအရောင်းဆိုင်တွေမှာ BTS တံဆိပ်ပါရှိတဲ့ ခြေအိတ်၊ မျက်လုံးစည်း၊ တခြား ကုန်ပစ္စည်းတွေနဲ့အတူ  နာမည်ကြီး ဂျာကင်တွေကို ဝမ် ၂၉၉,၀၀၀- နဲ့ရောင်းချပါတယ်။ BTS အဖွဲ့ဟာ ကိုရီးယားပေါ့ဂီတမှာ ဦးဆောင်နေသူ ဖြစ်ပြီး ကမ္ဘာကျော် ဘီတဲလ် ဂီတအဖွဲ့ပြီးရင် အယ်လ်ဘမ် စံချိန်တင် ရောင်းချရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ကေပေါ့အဖွဲ့တွေဟာ ကိုရီးယားဈေးကွက်ကို ကျော်လွန်ပြီး အာရှ တခြားဒေသတွေနဲ့  အနောက်နိုင်ငံတွေအထိ ထိုးဖောက်နာမည်ကြီးလာတာကြောင့် ကေပေါ့ပစ္စည်း ဝယ်လိုအားကလည်း  ကြီးထွားလာနေတယ်လို့ ရိုက်တာသတင်းက ရေးသားဖော်ပြပါတယ်။
2 years Ago

December 22, 2019

ခရစ္စမတ်ကာလ ပြင်သစ်တွင် အလုပ်သမားသပိတ်ကြောင့် ရထားစီးခရီးသွားများ အခက်တွေ့

ပြင်သစ်နိုင်ငံမှာ ဒီသီတင်းပတ်ဟာ ခရစ္စမတ် အားလပ်ရက်အစ ဖြစ်ပေမယ့် မီးရထားလိုင်းတွေ အနည်းငယ်သာ ပြေးဆွဲနေတာမို့  ခရီးသွားတွေ အခက်တွေ့နေပါတယ်။ ဒီဇင်ဘာ ၂၁ နဲ့  ၂၂ ရက်မှာ ရထားလက်မှတ် ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ ခရီးသွားစုစုပေါင်း ၁ ဒသမ ၇ သန်း ရှိပါတယ်။   ခရစ္စမတ်ကာလအတွင်း ပြင်သစ်နိုင်ငံတဝန်းက  ပြည်သူတွေဟာ မိဘ၊ မိတ်ဆွေတွေရှိရာ သွားလာတာမို့ တနှစ်တာရဲ့ ခရီးသွားအများဆုံး သီတင်းပတ်ကုန်ရက်လည်း ဖြစ်ပါတယ်။ နိုင်ငံတဝန်း အလုပ်သမားသပိတ်တွေ ဆင်နွှဲနေတာကြောင့်လည်း ဘွတ်ကင် လုပ်ထားတဲ့ ပြည်သူထက်ဝက်လောက်ဟာ ခရီးသွားလို့ မရနိုင်ဘူး ဆိုတာကို ရထားလုပ်ငန်းကုမ္ပဏီ SNCF အနေနဲ့ အကြောင်းကြားရမယ့် ကိန်းဆိုက်နေပါတယ်။  ဈေးသက်သာတဲ့ ဝီဂိုရထားကုမ္ပဏီက ပုံမှန်အတိုင်း အများအပြား ပြေးဆွဲသွားမှာ ဖြစ်ပေမယ့် SNCF ဟာ ရထားဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ၅၀ ရာခိုင်နှုန်းကို လုပ်ကိုင်နေပါတယ်။ အခုလို သပိတ်တွေ ပြီးဆုံးမယ့်လက္ခဏာ မတွေ့တာကြောင့် ထောင်ချီတဲ့ ခရီးသွားတွေအနေနဲ့ ခရီးစဉ်ကို ဖျက်တာမျိုး၊ မဖျက်ရင်လည်း မော်တော်ကားနဲ့ သွားတာမျိုးကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။
2 years Ago
Up