ခပ်ခွာခွာလဲ

A d v e r t i s e m e n t With Us

April 5, 2020

ဘယ်လောက်ကြာကြာ ခပ်ခွာခွာလဲ 

ကျောင်းတွေ ဘယ်တော့ ပြန်ဖွင့်မလဲ။ စားသောက်ဆိုင်တွေ ဘယ်တော့ ပြန်ဖွင့်မလဲ။ ရုပ်ရှင်ကားတွေ ဘယ်တော့ ရုံပြန်တင်မလဲ။ သူငယ်ချင်းတွေနဲ့ ဘယ်တော့ ပြန်ချိန်းနိုင်မလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို လူတိုင်း သိချင်နေကြပါလိမ့်မယ်။ ဘယ်သူမှ သေသေချာချာ မသိနိုင်ပါဘူး။ နောက်ထပ် ရက်သတ္တပတ်အတန်ကြာ၊ သို့မဟုတ် လနဲ့ချီ ကြာနိုင်ပါတယ်။ တနည်းအားဖြင့် နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေခြင်း၊ (social-distancing) ကို လူတွေ ဘယ်လောက် လိုက်နာသလဲ။ ဗိုင်းရပ်စ် ကူးစက်မှုကို ဘယ်လောက်အထိ ထိန်းနိုင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကိုရိုနာကပ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေ အတော်များများမှာလည်း ဒီနည်းလမ်းတွေပဲ သုံးနေကြပါတယ်။ ဒီနည်းလမ်းဟာ ရောဂါကူးစက်မှုနှုန်း ရုတ်တရတ် မြင့်တက်မသွားအောင် ထိန်းပေးနိုင်ပါတယ်။ ဆေးရုံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဝန်ထုပ်ဝန်ပိုး လျှော့ချပေးနိုင်ပါတယ်။ နောက်ဆုံး ရောဂါကူးစက်မှုတွေ နှေးသွားတဲ့အခါ၊ ဆေးရုံတွေမှာ လူနာတွေ ပြုံကျမလာဘဲ နိုင်နိုင်နင်းနင်း ရှိလာတဲ့အခါဆိုရင် အခြေအနေတွေ အားလုံး ပုံမှန် ပြန်ဖြစ်သွားမှာပါပဲ။ ဒီအခြေအနေကို ရောက်၊ မရောက် ဘယ်လို သိနိုင်မလဲ။ ဒီမေးခွန်းကတော့ ကိန်းဂဏန်းကို အခြေခံပြီး ဖြေရမှာ ဖြစ်ပါတယ်။ အခုအထိ မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အစိုးရ ထုတ်ပြန်သမျှ ကိန်းဂဏန်းတွေက နေ့စဉ် ဆယ်ဂဏန်းမျှသာရှိတဲ့ ဓာတ်ခွဲစမ်းသပ်မှုအပေါ်မှာ အခြေခံထားပါတယ်။ အတည်ပြုထားတဲ့ အရေအတွက်ဟာ အမှန်တကယ် ကိန်းဂဏန်းတွေကို ဘယ်လောက် ထင်ဟပ်သလဲ၊ ဘယ်သူမှ မသိနိုင်ပါဘူး။ အစိုးရကလည်း မသိတဲ့အတွက် outbreak ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။ အခုအထိ နေ့စဉ် တိုးနေတဲ့ လူနာ အရေအတွက်ကို နည်းနည်းတော့ သတိထားဖို့ လိုပါတယ်။ ပျမ်းမျှ နေ့စဉ် တယောက်၊ နှစ်ယောက်နှုန်းနဲ့ တိုးနေတာ ဖြစ်လို့ တခြားနိုင်ငံတွေမှာ လူနာ တယောက်ကနေ အနည်းဆုံး နှစ်ယောက်ကနေ သုံးယောက်အထိ ဆပွားကူးတဲ့ ပုံစံမျိုးနဲ့ ကွဲပြားခြားနားနေပါတယ်။ လူနာသစ်မတွေ့ဘဲ ဇီးရိုး သုညဖြစ်သွားတာလည်း တွေ့ရပါတယ်။ ဒီအတွက် ဖြစ်နိုင်ခြေတွေက အများကြီးပါပဲ။ ကိန်းဂဏန်းတွေအပေါ် အခြေပြုတဲ့ လက်တွေ့ကျတဲ့ ဖြစ်နိုင်ခြေ နှစ်ခုက နောက်ကြောင်းပြန် ခြေရာခံတဲ့ နေရာမှာ အားနည်းနေတာလည်း ဖြစ်နိုင်သလို၊ ဓာတ်ခွဲစမ်းသပ်နိုင်တဲ့ အရေအတွက် နည်းနေသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းနိုင်၊ မထိန်းနိုင် တွက်ချက်နိုင်တဲ့ နည်းလမ်းတခုကတော့ ဓာတ်ခွဲ စမ်းသပ်နိုင်တဲ့အရေအတွက် ရာခိုင်နှုန်းနဲ့ ဆိုင်ပါတယ်။ ဥပမာ- ရန်ကုန် လူဦးရေမှာ ရာခိုင်နှုန်း ဘယ်လောက်ကို ဓာတ်ခွဲစမ်းသပ်ခဲ့ပြီး၊ ဘယ်လောက် ရာခိုင်နှုန်းမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသလဲ။ နေ့စဉ် လူတွေအများကြီးကို စမ်းသပ်ပြီး ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ အရေအတွက် နေ့စဉ် ကျဆင်းနေတယ် ဆိုရင် ဒါဟာ အကောင်းဘက်ကို ဦးတည်နေတယ်လို့ အဓိပ္ပာယ်ထွက်ပါတယ်။ တဖြည်းဖြည်းနဲ့ အခြေအနေတွေ တည်ငြိမ်လာတော့မယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဒီလို ပြောနိုင်ဖို့၊ သိနိုင်ဖို့ဆိုရင် အရေအတွက် တော်တော်များများကို ဓာတ်ခွဲစမ်းသပ်ပြီးမှ ဖြစ်နိုင်ပါလိမ့်မယ်။ မြန်မာပြည်မှာ ဒီလိုပြောဖို့ စောပါသေးတယ်။ ဒါကြောင့် Social-distancing ကို ဆက်ပြီး သေသေချာချာ ကျင့်သုံးနေဖို့ လိုပါတယ်။ တကယ်တော့ အလုံးစုံပိတ်ချတဲ့ Lockdown တဲ့ နည်းလမ်းကို အသုံးပြုတဲ့ နိုင်ငံတွေမှာတောင် ကူးစက်မှုကို ထိန်းနိုင်ဖို့ ရက်သတ္တပတ် အတန်ကြာပါတယ်။ ဒါပေမဲ့ Lockdown တခုတည်းက အဖြေမဟုတ်ပါဘူး။ တရုတ်၊ တောင်ကိုရီးယားတို့မှာ ကျင့်သုံးတဲ့ ပုံစံက Lockdown ပြီးရင် ရောဂါပိုးရှိနိုင်သူတွေကို ပိုက်စိပ်တိုက် ရှာဖွေ ဖော်ထုတ်စစ်ဆေးတဲ့စနစ် ဖြစ်ပါတယ်။ WHO ကလည်း ဒါကိုပဲ အကြံပေးထားပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ ဒီလိုလုပ်နိုင်ဖို့ လက်တွေ့ မလွယ်ကူသေးပါဘူး။ အလုံးစုံပိတ်ချတဲ့ Lockdown အဆင့်ဟာ စီးပွားရေး လူမှုရေးအပေါ်မှာ အကြီးအကျယ် သက်ရောက်ပါတယ်။ မြန်မာပြည်မှာ ဒီနည်းကို ကျင့်သုံးလိုက်ရင် အဘက်ဘက်က သက်ရောက်မှု အခုထက် ဆိုးသွားနိုင်ပါတယ်။ အခုအခြေအနေမှာတောင် လူမှုစီးပွားအပေါ်မှာ သက်ရောက်မှုက အများကြီး ရှိနေပါပြီ၊ ဆိုင်တွေပိတ်၊ ကျောင်းတွေပိတ်၊ စက်ရုံ အလုပ်ရုံတွေ ပိတ်၊ လေကြောင်းလိုင်းတွေပိတ်၊ ပွဲလမ်းသဘင်၊ သာရေး၊ နာရေး၊ ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေ ပိတ်ထားရလို့ စီးပွားရေးလုပ်ငန်းတွေအပေါ်မှာ ထိခိုက်တာတွေ ရှိပါတယ်။ ဒါပေမဲ့ အလုံးစုံ ပိတ်ချလိုက်တဲ့နည်းထက်တော့ အများကြီး ခံသာပါတယ်။ အထူးသဖြင့် ဆင်းရဲသား လက်လုပ်လက်စားတွေအတွက် ခံသာပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ (social-distancing) က အကျိုးရှိပါတယ်။ လေ့လာချက်တွေအရ လူစုလူဝေးကို ရှောင်၊ ပွဲလမ်းသဘင်၊ အားကစားပွဲတွေကို ပိတ်၊ ကိုယ့်အိမ်ကိုယ်နေ၊ မလိုအပ်ဘဲ အပြင်မထွက်တဲ့ နည်းလမ်းတွေဟာ လူနာ သေဆုံးမှုကို တဝက်လျှော့ချနိုင်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်မှုကို သုံးပုံနှစ်ပုံအထိ လျှော့ချနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းတွေကို ယုံယုံကြည်ကြည်၊ သံန္နိဋ္ဌာန် ခိုင်ခိုင်မာမာနဲ့ လိုက်နာကျင့်သုံးဖို့ လိုပါတယ်။ မြန်မာပြည်မှာ အခုအချိန်အထိ လူစုလူဝေးတွေကို တွေ့နေရဆဲ ဖြစ်သလို၊ သက်ကြီးရွယ်အိုတွေကို လမ်းပေါ်မှာ တွေ့နေရဆဲ ဖြစ်ပါတယ်။ ဒါတွေကို သေချာ ကြပ်မတ်ဖို့ လိုအပ်ပါတယ်။ ဘယ်ဖြစ်လို့လဲဆိုတော့ ဒီနည်းတခုပဲ မြန်မာပြည်အတွက် လောလောဆယ်မှာ အခြေအနေတွေကို ဆိုးမသွားအောင် ထိန်းထားနိုင်တဲ့အဖြေ ဖြစ်နေလို့ပါပဲ။ တဖက်က ပြန်စဉ်းစားကြည့်ရင် အလုံးစုံပိတ်ချတဲ့ Lockdown နည်းလမ်းဟာ အရေးပေါ်ကာလ စီမံချက် ဖြစ်ပြီး၊ ပြန်ဖွင့်လိုက်တဲ့အခါမှာ social-distancing ကို ပြန်ပြီး ကျင့်သုံးရတာပါပဲ။ မြန်မာပြည်မှာ Lockdown အထိ သွားစရာမလိုဘဲ လက်ရှိအခြေအနေနဲ့ အခြေအနေတွေ အရမ်းကြီး ဆိုးမလာဘူးဆိုရင် အများကြီး သက်သာရာ ရသွားနိုင်ပါတယ်။ ဒီနည်းကပဲ ကျနော့်တို့ရဲ့ ကျန်းမာရေးစနစ်အတွက် ဝန်မပိစေမယ့် နည်းလမ်းဖြစ်ပါတယ်။ ပြင်ဆင်ချိန်၊ လူအား၊ ဆေးဝါး၊ ပစ္စည်း စသဖြင့် စုဆောင်းချိန် ပိုရတဲ့နည်းလမ်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကို ခြေရာခံတဲ့လုပ်ငန်းတွေနဲ့ လူနာတွေကိုပိုပြီး ဖော်ထုတ် ကုသနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ နိုင်ငံတကာ အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် အချိန်ပိုရလိမ့်မယ်။ ဆင်းရဲသား ပြည်သူတွေအတွက် အသက်ရှူချောင်မယ့်နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းလမ်းကိုတောင် မကျင့်သုံးနိုင်ရင် ဒီထက်ဆိုးတဲ့ အခြေအနေတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်ထက် အဆပေါင်းများစွာ စနစ်ကျတဲ့ အမေရိကန်ပြည်ထောင်စုမှာတောင် ဒီကပ်ဘေးမှာ လူတသန်းကနေ နှစ်သန်းအထိ သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကျနော်တို့ ဘာကိုမှ မလေးမထားဘဲ ပေါ့ပေါ့ဆဆ လုပ်နေရင် လူတွေ အများကြီးကို ကူးစက်မယ်။ ဆေးရုံ၊ ဆေးခန်းတွေလည်း ဘယ်လိုမှ မနိုင်တေ့ာဘူး။ လူနာတွေ မသေသင့်ဘဲ သေရမယ်။ အစိုးရက မတတ်သာတဲ့အဆုံး အလုံးစုံပိတ်ဆို့တဲ့ နည်းလမ်းကို ကြေညာမယ်။ ရဲတွေ၊ စစ်သားတွေ လမ်းပေါ် ထွက်လာမယ်။ နေ့စဉ်ဘဝ၊ လူမှုဘဝ သွားလာလှုပ်ရှား၊ လုပ်ငန်းဆောင်တာတွေ အားလုံးနီးပါး ရပ်တန့်သွားပြီး ရိက္ခာပြတ်၊ ဆေးဝါးပြတ်၊ မနိုင်မနင်း၊ ဖရိုဖရဲ အခြေအနေမျိုးတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ စဉ်းစားထားရမှာက ကာကွယ်ဆေးမပေါ်ခင်အထိ အနည်းနဲ့အများ ဒီအတိုင်း ဆက်နေသွားရတာ ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်တဲ့ပုံစံကို မျက်ခြည်မပြတ် လေ့လာနေတဲ့ သုတေသီတွေရဲ အဆိုအရ လက်ရှိ social-distancing ။ self-isolation ။ Lockdown ဘယ်နည်းလမ်းကို ကျင့်သုံးတာပဲ ဖြစ်ဖြစ် ဗိုင်းရပ်စ်က ပျောက်သွားတာ မဟုတ်ပါဘူး။ ဗိုင်းရပ်စ် ကူးစက်ခံထားသူတွေကို ရှာဖွေစစ်ဆေး ဖော်ထုတ်၊ ကုသတာက ပိုပြီး အရေးကြီးပါတယ်။ ဒီလို မဟုတ်ဘဲ ခဏ ငြိမ်သွားလို့၊ သို့မဟုတ် အသစ်ကူးစက်မှုတွေ အတွေ့နည်းလာလို့ ပြန်ဖွင့်လိုက်ရင် ပြဿနာက အစကနေ ပြန်လည်သွားဖို့ ရှိနေပါတယ်။ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ အခြေအနေတွေကိုလည်း ကြုံရနိုင်ခြေ ရှိနေပါတယ်။ အခုအချိန်ကတော့ မရေမရာ အချိန်တွေပါပဲ။ ဗိုင်းရပ်စ်နဲ့ပတ်သက်လို့လည်း မသိတာတွေ အများကြီး ရှိနေပါသေးတယ်။ မြန်မာပြည်ထက်အရင် ဗိုင်းရပ်စ်ပြဿနာ ကြုံခဲ့ရပြီး လောလောဆယ်မှာ အခြေအနေတွေ ထိန်းနိုင်နေတဲ့ နိုင်ငံတွေ (ဥပမာ- တရုတ်၊ တောင်ကိုရီးယား) တို့ အခြေအနေ ဘယ်လိုလဲ ကြည့်ဖို့ လိုပါတယ်။ ကာကွယ်ဆေးပေါ်ဖို့ဆိုတာ အနည်းဆုံး နောက်ထပ် ခြောက်လ၊ တနှစ် ကြာနိုင်ပါတယ်။ ဒါကြောင့် ကြားကာလမှာ ကျနော်တို့ရဲ့ နေထိုင်မှု ပုံစံတွေ၊ အသက်မွေးမှုပုံစံတွေ၊ စီးပွားရေးပုံစံတွေ၊ ပညာသင်ကြားတဲ့ ပုံစံတွေ၊ ဘာသာရေး၊ လူမှုရေး၊ ပွဲလမ်းအခမ်းအနားတွေကို လက်ရှိအခြေအနေနဲ့ အံဝင်အောင် ဘယ်လို ပြောင်းလဲမလဲ ဆိုတာကို စဉ်းစားကြဖို့ လိုပါတယ်။ မဟုတ်ရင် လူမှုစီးပွားဘဝတွေ အားလုံးလည်း အသက်ရှူကြပ်၊ အသက်ရှူရပ်သွားနိုင်ပါတယ်။ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ ဝေးပါသေးတယ်။ ဒီစစ်ပွဲဟာ လူသားနဲ့ ဗိုင်းရပ်စ်တို့ကြားက စစ်ပွဲဖြစ်ပါတယ်။ လူ့သမိုင်းမှာ လူဟာ နောက်ဆုံးမှာတော့ ဒီလို ကပ်ရောဂါတွေကို ကျော်လွှားနိုင်ခဲ့တာချည်းပါပဲ။ အခက်ခဲဆုံးကာလတွေမှာ လူသားတွေ တယောက်နဲ့ တယောက်၊ အရင်ထက် ပိုပြီး စိတ်ရှည်ဖို့၊ သည်းခံဖို့၊ နားလည်ဖို့၊ ကူညီရိုင်းပင်းဖို့ လိုပါတယ်။ နေသွင်ညိဏ်း
11 months Ago
Up