ခန္တီ'

July 31, 2021

ခန္တီးတွင် အချုပ်သား ၁ ဦး ကိုဗစ်ရောဂါဖြင့် သေဆုံး၊ အချုပ်သား ၁၀၀ ကျော်ကူးစက်ခံထားရ

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဇူလိုင် ၃၁ ရက်နေ့ နေ့လယ်ပိုင်းက အချုပ်သား ၁ ဦး ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ခန္တီးဆေးရုံ တာဝန်ရှိသူတစ်ဦးက “ခန္တီးရဲစခန်းက အချုပ်သားပါ။ ဒီမနက် ဆေးရုံကိုလာပို့ခဲ့တယ်၊ အခုနေ့လယ် ၁ နာရီက ခန္တီးဆေးရုံမှာ ကုသရင်း သေဆုံးသွားတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အချုပ်သားဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး အချုပ်ထဲမှာ ဆေးကုသထားရာက အခြေနေဆိုးလာတာကြောင့် ဒီနေ့မနက် ခန္တီးဆေးရုံ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့တာပါ။

ခန္တီးမြို့ အချုပ်ခန်းမှာ အချုပ်သား ၁၀၀ ကျော် ကိုဗစ်ကူးစက်ခံထားရပြီး အဲဒီအချုပ်သားတွေကို အချုပ်ခန်းထဲမှာပဲ ဆေးကုသပေးနေတာလို့ သိရပါတယ်။

ကိုဗစ်ကြောင့်သေဆုံးသွားတဲ့ အချုပ်သားဟာ အသက် ၂၇ နှစ်အရွယ် မောင်ဖိုးပြူးဖြစ်ပြီး ဟုမ္မလင်းမြို့နယ် မာလုံကျေးရွာကလို့ သိရပါတယ်။

ခန္တီးမြို့ အချုပ်ခန်းမှာ ဇူလိုင် ၂၇ ရက်နေ့ကလည်း အချုပ်သား ၁ ဦး ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ခန္တီးမြို့မှာ ဇူလိုင် ၃၀ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅၄ ဦး၊ သေဆုံးသူ ၈ ဦးရှိပြီလို့ သိရပါတယ်။

4 months Ago
Up