ခင်နှင်းယု

January 22, 2021

ဝါးခယ်မသူ စာရေးဆရာမကြီး ခင်နှင်းယု ဝတ္ထုများ 

“လမင်းကြီးသာစမ်းပါ”၊ “ဆောင်းတွင်းပန်း” “ပန်းများကိုပွင့်စေသူ”၊ “ပျားရည်အိုင်” “ဇီဝစိုးစံအိမ်”၊ “ဘုရင်ခံမလိုချင်ပေါင်” “နွားတစ်ထောင်”. . ဟု၊ ဝတ္ထုအများ ရေးထားခဲ့လျှင်း၊ ခင်နှင်းယု မည် စာဆိုသည်မ၊ ဝါးခယ်မသူ ဘဝခြားခဲ့၊ တဆယ့်ရှစ်နှစ်ရှိပါပြီ။ ။   လုံးချင်း ဝတ္ထုတွေ၊ ဝတ္တုတို ပေါင်းချုပ်တွေနဲ့၊ ဆောင်းပါး ပေါင်းချုပ်တွေ စတဲ့ စာအုပ်ပေါင်း ၅၀ ကျော်ကို ရေးသားထုတ်ဝေခဲ့ပြီး ဒီနေ့ထိတိုင် စာဖတ်ပရိသတ်တွေ နှစ်ခြိုက်စွဲမြဲ ဖတ်ရှုနေကြရဆဲ စာရေးဆရာမကြီး (ဒေါ်) ခင်နှင်းယု၊ သူ့ဝတ္တုတွေကို ရုပ်ရှင်၊ ဗွီဒီယိုတွေ ရိုက်ကူး နေရဆဲဖြစ်တဲ့ စာရေးဆရာမကြီး ခင်နှင်းယုဟာ လွန်ခဲ့တဲ့ ၁၈ နှစ်အကြာ ၂ဝဝ၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်က ကွယ်လွန်သွားခဲ့တာပါ။  “ချစ်ခြင်းကို အားပြု၍”၊ “မွှေး”၊ “ထိပ်စုဖုရား မဗျိုင်း”၊ “လမင်းကြီး သာစမ်းပါ”၊ “သပြေ”၊ “သ ခွတ်ပန်း”၊ “အောင်မြင်သောနေ့”၊ “ယဉ်မင်းပိုက်”၊ “ရေချိုတွင်း”၊ “မယ့်အသည်းအိမ်”၊ “ဦးဆောက်ပန်း” စတဲ့ သူ့ဝတ္ထုတွေဟာ ထင်ရှားတယ်။ “ကြေးမုံရိပ်သွင်”ဝတ္ထုနဲ့ စာပေဗိမာန်ဆု(၁၉၆၀)၊ “မြကြာဖြူ”ဝတ္ထုနဲ့ အမျိုးသားစာပေဆု(၁၉၉၅)ကို ရခဲ့တယ်။ စာရေးဆရာမကြီး ခင်နှင်းယုကွယ်လွန်ခဲ့တာ ၁၈ နှစ် ကြာခဲ့ပြီဖြစ်သလို၊ သူ့ရဲ့ အသက် ၁၀၀ ပြည့်ဖို့လည်း ၄ နှစ်ပဲ လိုပါရဲ့။ သူ့ရဲ့ နိုင်ငံရေး အခန်းကဏ္ဍတွေ ရှိခဲ့ပေမဲ့ အခုကတော့ သူ့စာအုပ်တွေ အကြောင်းကိုသာ ပြောသွားပါမယ်။ ခင်နှင်းယုလို့ ကလောင်အမည် ယူပုံကတော့ ခင် ဆိုတာက အမျိုးသမီးကို ကိုယ်စားပြုတာ၊ နှင်း ဆိုတာကတော့ အေးချမ်း ငြိမ်းချမ်းတာ၊ ယု ဆိုတာကတော့ ကြင်နာယုယတာကို ရည်ရွယ်ပါတယ်။ သူ့ရဲ့ “ဇီဝဇိုးစံအိမ်” စာအုပ်က စာလေးတပိုဒ် ဖတ်ကြည်ပါဦးဗျာ။ “ဇီဝဇိုးငှက်ကလေးတို့သည် ပမာဏအားဖြင့် ငယ်ကြသည်။ ပင်ပန်းကြီးစွာ ရှာဖွေရသော အစာကိုမှ အန်ထုတ်၍ အသိုက်လုပ် ရသည်။ ဒီအသိုက်ကို လူတို့ကယူကာ အားဆေးအဖြစ် အသုံးပြုကြသည်။ ကျမရင်ထဲမှာလည်း စာရေးဆရာများကို ဇီဝဇိုး ငှက်ကလေးများလိုထင်သည်။ သူတို့ကို ဘယ်သူမှ ခိုင်းစေသည်မဟုတ်။ ကိုယ့်အတိုင်းအတာနဲ့ကိုယ် စာပေဗဟုသုတကို လေ့လာ ဖတ်ရှုကြသည်။ စာပေနယ်မှာ ကျက်စားခဲ့သည် ဆိုရမည်။ ပြီးတော့ ရှာဖွေသမျှ စာပေ ဗဟုသုတကို သူတို့နှလုံးသားမှ အန်ထုတ်ကာ စာဖတ်ပရိသတ်ကို ပေးကြသည်။ သူတို့စာပေသည် စာဖတ်သူအတွက် အားဆေး ဖြစ်ပါသည်။ ဇီဝဇိုးငှက် ကလေးများလိုပင် တချို့စာရေးဆရာများ သူတို့နှလုံးသားမှ စာပေများကို အန်ထုတ်၍ ကျန်းမာရေးကို ကရုမစိုက်၊ စိုက်လိုက် မတ်တတ် သူတို့စာပေကိုသာ စောက်ချ အားသွန် ပြုစုရင်း ကွယ်လွန်သွားကြသည်။”  ခင်နှင်းယု (ဇီဝဇိုးစံအိမ် စာအုပ်မှ)   “ခင်နှင်းယု အကြောင်း” အစိုးရကျောင်းဆရာကြီး ဦးဘ၊ ဒေါ်သိန်းတင်တို့က ၁၉၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက် တနင်္လာနေ့မှာ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့မှာ မွေးဖွားတယ်။ အမည်ရင်း ဒေါ်ခင်စု။ ၁၉၃၀ ခု ဝါးခယ်မမြို့ ဦးဘိုးထင် မြန်မာစာသင် အလယ်တန်းကျောင်းမှာ ပညာ စသင်တယ်။ ၁၉၄၀ ဝါးခယ်မမြို့ ဦးဘိုကြီး မြန်မာစာအထက်တန်းကျောင်းမှာ ပညာသင်တယ်။ ၁၉၄၈ ခု တက္ကသိုလ် ဝင်စာမေးပွဲ အောင်တယ်။ ၁၉၅၆ ခု သက်ကြီးတက္ကသိုလ် ဥပစာ ဝိဇ္ဇာစာမေးပွဲအောင်တယ်။ ၁၉၅၉ ရန်ကုန်တက္ကသိုလ် တက်တယ်။ ၁၉၆၁ ခုနှစ် ဝိဇ္ဇာဘွဲ့ရခဲ့တယ်။ ၁၉၄၆ ခုနှစ်ကစ “မခင်စု”အမည်ရင်းနဲ့ ဆောင်းပါးတွေ စရေးခဲ့တယ်။ ၁၉၄၇ ခုနှစ် “အချို”ကလောင်အမည်နဲ့ သတင်းစုံဂျာနယ်မှာ ဝတ္ထုတိုတွေရေးတယ်။ ၁၉၄၈ ခု လွတ်လပ်ရေးအထိမ်းအမှတ် စာပေပြိုင်ပွဲမှာ “မျောက်လောင်း”ဝတ္ထုတိုနဲ့ တတိယ ရွှေတံဆိပ်ရခဲ့တယ်။  ၁၉၄၇ ခုနှစ် ခင်နှင်းယု ကလောင်အမည်နဲ့ ပထမဆုံးရေးတဲ့ “အရိုင်း” ဝတ္ထု စာပဒေသာမဂ္ဂဇင်းပါလာတယ်။ လုံးချင်း စာအုပ်ပေါင်း ၅၀ ကျော် ရေးသားခဲ့ပြီး ဝတ္ထုတချို့ ကို ဂျာမန်၊ ရုရှား၊ ဂျပန် ဘာသာတွေ ပြန်ဆိုခဲ့တယ်။ ဆောင်းတွင်းပန်း(၁၉၅၃)၊ မွှေး(၁၉၅၉)၊ သခွပ်ပန်း (၁၉၆၂)၊ ပန်းပန် လျက်ပါ(၁၉၆၂)၊ သပြေ(၁၉၆၃)၊ ယဉ်မင်းပိုက်(၁၉၆၄)၊ ကြေးမုံရိပ်သွင်ဝတ္ထုတိုများ (၁၉၆၀)၊ မိုးကျော်သူ(၁၉၆၃)၊ စိမ်းသင့်မှ စိမ်း(၁၉၆၀)၊ ပွဲတွေ့အမြတ်တရား(၁၉၈၁)၊ လက်ရွေးစင်ဝတ္ထုတို များ(၁၉၅၂-၁၉၉၆)၊ မြကြာဖြူ(၁၉၉၅)တို့မှာ ထင်ရှားတယ်။ “ကြေးမုံရိပ်သွင်” က စာပေဗိမာန်ဆု (၁၉၆၀)၊ “မြကြာဖြူ” က အမျိုးသားစာပေဆု (၁၉၉၅)တို့ကို ရရှိခဲ့တယ်။ ခင်နှင်းယုဟာ ၂၀၀၃ ဇန်နဝါရီ ၂၁ ရက် ကွယ်လွန်ခဲ့တယ်။ အခုဆို ၁၈ နှစ်ကြာပါပြီ။   မဲဇလီ ပင်ပျိုအောက်  ပေါက်လာတဲ့ ရွေတမာ  ခါးချက်ကနာ။ ရေစီးရယ် တခါ ရေသာရယ် တလှည့်။ သူများလိုတို့မရိုင်း တိုင်းသိပါရဲ့။ ။  ခင်နှင်းယု (စာပေဗိမာန်ဆုယူစဉ် ပြောချက်မှ၊ မြဝတီမဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၁၉၆၈) “မွှေး”  ခင်နှင်းယုရဲ့ ၁၉၅၉ ခုနှစ် ထုတ်ဝေတဲ့ ဝတ္ထုပါ။ ပထမဆုံး လုံးချင်းစာအုပ်ဖြစ်တဲ့ “ဆောင်းတွင်းပန်း” ဝတ္ထုကို ၁၉၅၃ ခုနှစ်က ထုတ်တယ်။ မွှေးက ဒုတိယဝတ္ထု ဖြစ်နိုင်ပါတယ်။ သူ့ဇာတိ ဝါးခယ်မနောက်ခံ ဝတ္ထု။ “ရေထဲကမြို့ကလေး”လို့ တင်စားတဲ့ ဝါးခယ်မက လယ်တောတွေ၊ စပါးခင်းတွေ သဘာဝအလှ သာယာပုံတွေနဲ့ ရောယှက် ပေါင်းစပ် တွေ့ရပါတယ်။ “ယခုလို အချိန်သို့ ရောက်ပြီဆိုလျှင် အတွတ်နှင့် မွေးတို့  အတူတကွ မွေးဖွားခဲ့သော ဝါးခယ်မမြို့ပြင်ရှိ လယ်ကွက်များထဲတွင်  စပါးစေ့လေးတို့သည် အိပ်ပျော်ရာမှ နိုးကြပေတော့မည်။”  ခင်နှင်းယု မွှေး ဝတ္ထု အစမှာ အခုလို ရေးခဲ့ပါတယ်။ ခင်နှင်းယုရဲ့ မွှေးကို ၁၉၅၉ ခုနှစ် စတင်ထုတ်ဝေခဲ့ကတည်းက လူကြိုက်များခဲ့ တာပါ။ အခုဖတ်လဲ အခုကြိုက်ကြမှာပေါ့။ ဝါးခယ်မမြို့ တဖက်ကမ်းက မွန်တို့ရဲ့ ရှေးဟောင်း “သော်ကဘုရား” ကို “မွှေး”ဝတ္ထု မှာ စာဖတ်သူတွေနဲ့ မိတ်ဆက်ပေးခဲ့သလိုပါပဲ။ “မွှေး”ကြောင့် ကျွန်တော်တို့အားလုံး သော်ကဘုရားကို သိခဲ့ကြရတာပါ။ မွှေးနဲ့ အတွတ် တို့ကို သတိရသလို သော်ကဘုရားနဲ့ ဝါးခယ်မမြို့ကိုလည်း သံယောဇဉ် တွယ်တတ်ခဲ့ကြတယ်လေ။ ဝါးခယ်မ မြစ်ကလေးကိုပါ ကရုဏာသက်ခဲ့ကြရပါတယ်။ စာဖတ်သူတွေဟာ မွှေး၊ အတွတ်၊ ဖရက်ဒီ၊ ဗိုလ်မှူးကိုကို နိုင်၊ ဝါးခယ်မ လယ် ကွင်းထဲက စပါးပင်ပျိုတွေ၊ သော်ကဘုရား၊ ဝါးခယ်မမြစ် စတာတွေဟာ “မွှေး” မှာ တွေ့ရမယ်။ နှစ် ၁၀၀ အတွင်း အကောင်း ဆုံး မြန်မာဝတ္တု ၁၀၀ စာရင်းမှာလည်း “ မွှေး” ဝတ္ထု ပါဝင်နေတယ်။  “ဝါးခယ်မမြို့တဲ့လား” မြန်မာ့စွယ်စုံကျမ်း အမှတ် ၁၂ မှာ ဝါးခယ်မ အမည်ကို မွန်ဘာသာစကား “ဝါးကြုယ်မ” ဆိုတဲ့ စကားလုံးက ရွေ့လျားလာပြီး အဓိပ္ပါယ်က ဝါး = ကွင်း ကြုယ်= မျိုးစေ့ ဒါကြောင့် မျိုးစေ့တွေ ကြဲချ စိုက်ပျိုးရာကွင်း ဖြစ်ကြောင်း ရေးသားထားတယ်။ ဝါးခယ်မ အပါအဝင် ပုသိမ်၊ ဖျာပုံစတဲ့ စကားရပ်တွေဟာ မွန်စကားမျိုးရင်းတွေက လာတာလို့ ဆရာကြီး ဦးဖိုးကျားက ပြောဖူးခဲ့တယ်။  ဝါးခယ်မမြို့ဟာ ဧရာဝတီတိုင်းမှာပါပြီး ဧရာဝတီမြစ်ရဲ့ မြစ်ခွဲတွေဖြစ်ကြတဲ့ ရွှေလောင်းမြစ်နဲ့ ပြန်မလော့မြစ်တို့ကို ဆက်သွယ်ထားတဲ့ ၂၃ မိုင်ရှည်တဲ့ ဝါးခယ်မမြစ် ကမ်းပါးပေါ် မြို့တည်ထားတာပါ။ ခင်နှင်းယုဟာ ၁၉၄၃ ခုနှစ်မှာ ဝါးခယ်မမြို့နယ် အာရှလူငယ်အစည်းအရုံး အမျိုးသမီးဌာနမှူး၊ ၁၉၄၆ ခုနှစ်က ဖဆပလ သတင်းနှင့် ဝါဒဖြန့်ချိရေးဌာန လက်ထောက် အ တွင်းရေးမှူးနဲ့ ၁၉၄၈ -၅၉ ခုနှစ်မှာ အစ်ကို တဝမ်းကွဲတော်သူ ဝါးခယ်မသား ဝန်ကြီးချုပ် ဦးနုရဲ့ အတွင်းရေး အတွင်းဝန် ဖြစ်ခဲ့သူပါ။ ဝါးခယ်မမြို့ အခြေခံတဲ့ “မွှေး” ဝတ္တုအပြင် “ပန်းပန်လျက်ပါ”၊ “သခွပ်ပန်း” စတဲ့ နာမည်ကြီး အချစ်ဝတ္ထုတွေရေးသူ အဖြစ်နဲ့လည်း ခင်နှင်းယုကို လူသိများပါတယ်။ သူဟာ မြင်တွေ့နေရတဲ့ လူမှုဒုက္ခတွေကို စာအုပ်အဖြစ်ရေးခဲ့လို့ စာအုပ်အပိတ် ခံခဲ့ရဖူးပါတယ်။ ၁၉၇၂ ခုနှစ်က “ကျွန်မ၏ချစ်သူ” စာအုပ်ကို ထုတ်ဝေပြီးမှ ပြန်လည် သိမ်းဆည်း ပိတ်ပင် ခံခဲ့ရတာပါ။  “ကျွန်မ၏ချစ်သူ” အဏ္ဏဝါရှင်၊ အိုသခင်ငဲ့ သခင့်အင်အား၊ ကြီးမားပျံ့ကျယ်  အံ့ဩဖွယ်တည့်။ ကျွန်းကိုရစ်ဝိုင်း၊ ရေငံလှိုင်းလည်း အတိုင်းမသိ၊ မျှော်ကြည့်မဆုံး မိုးစပ်ကုန်းသို့၊  ထိဖုံးအသွင်၊ အကျွန်မြင်၏။ အကျွန့်တွက်မူ  သက်ဆက်ကြည်လင်၊ မှီခိုရှင်ကား ငယ်ပင်ငယ်စွ၊ ဤကျွန်းမ၏ ချမ်းမြသန့်ရှင်း၊ ရေချိုတွင်းတည့်။  (ခင်နှင်းယု) . . .ကျွန်မချစ်သူ စာအုပ်မှ  ကျွန်တော်လည်း စဉ်းစားနေမိတယ်။ ခင်နှင်းယု စာအုပ်တွေ ဘာတွေ ဖတ်ဖူးသလဲပေါ့။ “ဖေဖေ” ကို ဖတ်ဖူးတယ်။ သူ့ဖခင် အကြောင်း ရေးထားခဲ့တာပါ။ စာရေးသားပုံ သေသပ် ပိရိ ပိုင်နိုင်ပါတယ်။ သူ့ဖခင် ဝါးခယ်မမှာ နေထိုင်ပုံကစ ရန်ကုန်မှာပြောင်း လာနေပြီး အသက်ကြီးလာ နားထိုင်းလာပုံတွေအဆုံး အနုစိတ်ရေးထားခဲ့တာလေ။ အဖေအကြောင်းကို စာဖွဲ့သလို အမေ အကြောင်းလဲ ရေးခဲ့တယ်။ သူမဟာ အမေ့ကြောင့် စာပေမျိုးစေ့ ရှိခဲ့တာလို့လည်းဆိုတယ်။ ခင်နှင်းယု အမှတ်တရ “အိမ်မက်ဝတ္ထုတိုများ” စာအုပ် “အိမ်မက်ကမ္ဘာ” ဆောင်းပါးမှာ အခုလို ရေးတယ်။  “မေမေ တကယ်လို့သာ တမလွန်ကနေပြီး၊ မေမေ သိနိုင်စွမ်းရင် သမီးတယောက် “စာရေးသူ”ဘဝ ရောက်နေတာကို မေမေတော့ အံ့ဩမှာပဲ။ “စာရေးသူ”ဆိုတာ စာရေးဆရာ မဟုတ်သေးဘူး အမေရဲ့။ “ဆရာ” ဆိုတဲ့ ဝေါဟာရထဲမှာ “သင်ကြားပို့ချနိုင်ခြင်း” ဆိုတဲ့ ဝိသေသက ပါသေးတယ်။ “စာရေးသူ” ဆိုတာကတော့ ဖြစ်ပျက်နေပါတယ်ဆိုတဲ့ အကြောင်းတရားတွေကို တင်သာတင်ပြနိုင်မယ်။ ဘယ်သူ့ကိုမှ ညွှန်ပြသင်ကြားခြင်း မပြုနိုင်ဘူး အမေရဲ့။ အမှန်တော့ မေမေက ဘဝအကြောင်းတွေကို အသက်ရှင်စဉ်က သမီးကို သင်ကြားခဲ့လို့ သမီးတယောက်ထဲ စာတွေရေးနေတာပါ။ သမီးဘဝမှာ ခံစားရတဲ့ သုခ၊ ဒုက္ခတွေ အများကြီးပါပဲ။ ဒီ သုခ၊ ဒုက္ခတွေအပေါ်မှာ ဆင်ခြင်ပုံ၊ ဆင်ခြင်နည်း၊ လေ့လာပုံ၊ လေ့လာနည်းတွေကတော့ အမေ သင်ခဲ့တာတွေပါ။”  စာရေးဆရာကြီး ရွှေဥဒေါင်းဟာ သူ့မိခင်ရဲ့ သင်ကြားချက် မျိုးစေ့နဲ့ စာရေးဆရာ ဖြစ်လာသူပါတဲ့။ ကံကောင်းစွ။ ဆရာမကြီး ကြည်အေး၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ကတော့ ရှေးရိုးစွဲ မိဘတွေက သဘောမတွေ့ခဲ့ကြပေမဲ့ စာရေးဆရာတွေ ဖြစ်ခဲ့ကြပါတယ်။ အမေ့ သွန်သင်မှုနဲ့ စာရေးဆရာ ဖြစ်လာသူ ခင်နှင်းယုလည်း ကံကောင်းစွ။ ကျနော်ဖတ်ဖူးတဲ့ ခင်နှင်းယုရေး နောက် တအုပ်က “ပုံပြောကောင်းသော မိန်းကလေး”၊ နောက် “ယောက်ျားတို့အကြောင်း”၊ “သခွတ်ပန်း”နဲ့ “ချစ်ခြင်းကိုအားပြု၍” တို့ပါ။ “ချစ်ခြင်းကို အားပြု၍” ဝတ္ထုဟာ နာမည်ကျော် လက်ဝှေ့သမား ကျားဘညိမ်းအကြောင်း ရေးထားတာပါ။ ကျားဘငြိမ်း ရဲ့ ဇနီးသည် ဒေါ်ကြည်ကြည်က သူ့လင်သား အေးအေးလူလူ လက်ဝှေ့ထိုးနိုင်ဖို့ ပါရမီဖြည့်ဆည်းခဲ့တဲ့ အကြောင်းတွေပါပဲ။  “ဝတ္ထုမှာ ဒေါ်ကြည်ကြည်၏ အကြောင်းဆိုလျှင် ပို၍မှန်ပါမည်။ ဝတ္ထုဆုံးလျှင် ဒေါ်ကြည်ကြည်၏ ရုပ်လုံး ကြွလာမည် ဖြစ်သော်လည်း လက်ဝှေ့ကျော်ကြီး ကျားဘညိမ်း၏ ရုပ်သွင်ကတော့ မှေးမှိန်ကောင်း မှေးမှိန်သွားပါမည်။ ထိုသို့ဖြစ်လျှင် မြန်မာ့လက်ဝှေ့ချန်ပီယံကြီး ကျားဘညိမ်းကို ချစ်သော သူတို့က ကျွန်မအား ခွင့်လွှတ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။                                                                   ခင်နှင်းယု    “ချစ်ခြင်းကိုအားပြု၍” ဝတ္ထုမှ . . . “ခင်နှင်းယု စာအုပ်အားလုံး” ဆောင်းတွင်းပန်း (၁၉၅၃)။ မွှေး (၁၉၅၉)။ စိမ်းသင့်မှစိမ်း (၁၉၆၀)။ ချစ်လှချည်ရဲ့ (၁၉၆၁)။ နွေနှောင်းရွက်ကျန် (၁၉၆၁)။ ပန်းများကိုပွင့်စေသူ (၁၉၆၁)။ မျှော်လင့်လို့ဖြင့် မဆုံးနိုင်တယ် (၁၉၆၁)။ နွားတစ်ထောင် (၁၉၆၂)။ ပိုးခန်းဆီးနောက်မှ ငရဲခန်း (၁၉၆၂)။ ပန်းပန်လျက်ပါ (၁၉၆၂)။ မဟာသာကီ (၁၉၆၂)။ သခွတ်ပန်း (၁၉၆၂)။ အောင်မြင်သောနေ့ (၁၉၆၂)။ မိုးကျော်သူ (၁၉၆၃)။ မိန်းမရိုင်း (၁၉၆၃)။ သပြေ (၁၉၆၃)။ ယဉ်မင်းပိုက် (၁၉၆၄)။ သရဖူ (၁၉၆၄)။ လမင်းကြီးသာစမ်းပါ (၁၉၆၅)။ ပုံပြောကောင်းသောမိန်းကလေး (၁၉၆၆)။ ဖေဖေ (၁၉၆၈)။ လာခြင်းကောင်းသော လူကလေး (၁၉၆၉)။ ဘုရင်ခံမလိုချင်ပေါင် (၁၉၇၀)။ ကျွန်မ၏ချစ်သူ (၁၉၇၂)။ ထိပ်စုဖုရား မဗျိုင်း (၁၉၇၃)။ တစ်ထောင့်ငါးရာည၏ အိပ်မက်များ (၁၉၉၃)။ မြကြာဖြူ (၁၉၉၅)။ ဗညားရှိန်း (၁၉၉၈)။ ပျားရည်အိုင် (၁၉၉၉)။ ဥဩတွန်တဲ့ လရာသီ (၂၀၀၂)။ ကျွန်တော်တင်အောင်ထွန်း။ မိချို။  ကြေးမုံရိပ်သွင် (၁၉၆၀)။ ဘုံဓမ္မတာမှာ ကြုံလေသမျှ (၁၉၆၂)။ ကြာတော၌ရွာသောမိုး ဝတ္ထုတိုများ (၁၉၆၄) ကသစ်ပန်း ဝတ္ထုတိုများ (၁၉၆၅)။ မုတ်သုန်စောင်းကြိုး (၁၉၆၅)။ ခင်နှင်းယု၏ ဝတ္ထုတိုများ (၁၉၆၇)။ ကျွန်းဧကရီနှင့် အခြားဝတ္ထုတိုများ (၁၉၇၁)။ မိန်းမတို့အကြောင်း ဝတ္ထုတိုပေါင်းချုပ် (၁၉၉၂)။ လက်ရွေးစင် ဝတ္ထုတိုများ (၁၉၉၆)။ ကျွန်မကမချောပါဘူးနှင့် အခြား မဂ္ဂဇင်းဝတ္ထုတိုများ (၂၀၀၄)။ ပွဲတွေ့အမြတ်တရား (ဘာသာရေးဆောင်းပါးများ) (၁၉၈၁)။ မယ့်သည်းအိမ် (၂၀၀၀)။ ဘဝင်မကျလေသောအခါ (၂၀၀၂)။ ဇီဝစိုးစံအိမ် (၂၀၀၃)  “ခင်နှင်းယု ရခဲ့တဲ့ စာပေဆုတွေ” ၁၉၄၈ - လွတ်လပ်ရေး အထိမ်းအမှတ် စာပေပြိုင်ပွဲ (ဝတ္ထုတို - တတိယဆု) - "မျောက်လောင်း" ဝတ္ထုတို ၁၉၅၃ - မြဝတီမဂ္ဂဇင်းစာပေပြိုင်ပွဲ (ဝတ္ထုရှည် - ပထမဆု) - "သရဖူ" ဝတ္ထုရှည် ၁၉၆၁ - စာပေဗိမာန်ဆု - "ကြေးမုံရိပ်သွင် ဝတ္ထုတိုပေါင်းချုပ်" ၁၉၉၅ - အမျိုးသားစာပေဆု (ဝတ္ထုရှည်) - "မြကြာဖြူ" ဝတ္ထုရှည် “ဆရာမကြီးရဲ့ ရုပ်ရှင် ဗွီဒီယို ရိုက်ကူး ဝတ္ထုတွေ” ရုပ်ရှင် နဂါးငွေ့တန်း (ညပန်းချီ လို့အမည်ပြောင်း)။  မွှေး။ ယောကျ်ားတို့အကြောင်း။ စိမ်းသင့်မှစိမ်း။ ပန်းပန်လျက်ပါ။ (၂၅ ပတ်ကျော် ပြသရပြီး ရုံတင်စံချိန်ချိုးခဲ့)။  မိုးကျော်သူ။ သခွတ်ပန်း။ ယဉ်မင်းပိုက်။ အောင်မြင်သောနေ့။ သရဖူ။  ဗွီဒီယို   နွားတစ်ထောင်။ တစ်ထာင့်တစ်ည၏ အိပ်မက်များ။ ပန်းများကိုပွင့်စေသူ။ လမင်းကြီး သာစမ်းပါ။ “အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ ဝတ္ထုတွေ” မွှေး(၁၀ကြိမ်)။ ထိပ်စုဖုရား မဗျိုင်း(၅ကြိမ်)။ လမင်းကြီးသာစမ်းပါ(၃ကြိမ်)။ သပြေ(၂ကြိမ်)။ မိုးကျော်သူ(၅ကြိမ်)။ သခွတ်ပန်း(၅ကြိမ်)။ အောင်မြင်သောနေ့(၃ကြိမ်)။ ယဉ်မင်းပိုက်(၂ကြိမ်)။ ရေချိုတွင်း(၂ကြိမ်)။ မယ့်အသည်းအိမ်(၂ကြိမ်)။ ဦးဆောက်ပန်း(၂ကြိမ်) အချက်အလက်တွေကို ခင်နှင်းယုရဲ့ “ဇီဝဇိုးစံအိမ်” စာအုပ်ကနေ ရယူပါတယ်။ “ခံပွင့်” သို့မဟုတ် ခင်နှင်းယု အကြိုက်ဆုံးဝတ္တု  ပန်းစံပယ် နန်းလယ်မှာမပေါ်ခိုက်ဟာမို့ အလိုက်တော် တန်သင့်ယုံပ၊  ခံပွင့်ကိုကုံး။ နန်းရဝေ မန်းမြေစံပယ်လှိုင်တော့  ခံပန်းခိုင် ယာရီရွေ့တယ်၊ တောလေ့ရွာသုံး။ ။  ရွှေ စာပေတိုက်က ရွေးခိုင်းတော့ သူ့ရဲ့ “ခံပွင့်” ဝတ္ထုကို ခင်နှင်းယုက ရွေးတယ်။ ရွေးတဲ့ အကြောင်းကိုလဲ ခုလို ရှင်းပြပါတယ်။  “ ထိုဝတ္ထုမှာ ခံပွင့်ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကို အသက် သွေး ချွေးတို့ဖြင့် စတေးကာ တိုက်ပွဲဝင်ခဲ့သူများမှာ နိုင်ငံရေး သမားများဖြစ်သည်။ သီပေါမင်းပါတော်မူကတည်းက ပြည်ထောင်စုသားများ ပါဝင်၍ ခေတ်အဆက်ဆက် ဗြိတိသျကို တော် လှန်ခဲ့ကြသည်မှာ ဒို့ဗမာအစည်းအရုံးဝင် သခင်ခေတ်အထိ ဖြစ်ခဲ့ပါသည်။ ကျွန်မ နိုင်ငံရေးသမားများကို ချစ်ခင်သည်။ လေး စားသည်။ သူတို့သည် တကယ့် ကိုယ်ကျိုးစွန့် အနစ်နာခံသူများ ဖြစ်သည်။ တို့ဗမာသီချင်းတွင် ပါသလိုပင် “တို့ကိုယ်ကျိုးလုံး လုံးမပါ” ဟူသော ခံယူချက်ဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သူများ ဖြစ်သည်။ သို့သော် လွတ်လပ်ရေး ရရှိလာသောအခါ အနစ် နာခံ ကြိုးပမ်းလာခဲ့သော နိုင်ငံရေးသမားထဲမှ များသောအားဖြင့် အရာရှိကြီးများအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြသည်။ နိုင်ငံရေးသမားသည်လည်း ပုထုဇဉ် ဖြစ်သည်။ တချို့နိုင်ငံရေးသမားတို့က “အချိုး”မပြောင်း။ တချို့နိုင်ငံရေးသမားကမူ တ ချိန်က လက်တွဲလုပ်ခဲ့သော ငတ်ဖော်ငတ်ဖက် နိုင်ငံရေး ရဲဘော်များကို မေ့ပစ်။ လျစ်လျူရှု့ခဲ့သည်။ သခင်ဘဝ အငတ်ငတ် အ ပြတ်ပြတ်နှင့် လင်၏ပါရမီကို ဖြည့်ခဲ့ပါသော ဇနီးမယားကိုပင် သစ္စာဖောက်ကာ ဂါဝန်ပြာဝတ်ကျောင်းထွက် သို့မဟုတ် အခွင့် ထူးခံ လူတန်းစား၏ သမီးများကို နှစ်သက်လိုလား လက်ထပ်ကြသည်။ ထိုသို့သော သစ္စာမဲ့သော နိုင်ငံရေးသမား “တချို့” အကြောင်းကို ကျွန်မ ရေးသားခြင်းဖြစ်သည်။ ဦးမျိုးမင်းကမူ “ခံပွင့်”တွင် ခင်နှင်းယုသည် “လူဆိုတာ သည်လိုပဲ” ဟု အမှန်တ ရားကို ထောက်ပြသည်ဟု ဆိုသည်။ မှန်ပါသည်။ သို့သော် သစ္စာတရား ဆိုသည်ကတော့ ဘယ်နေရာမဆို ရှိရမည်ပင် ဖြစ် သည်။ ပြည်သူလူထု အပေါ်နှင့် မိမိနှင့် လုပ်ဖော်ကိုင်ဖက်တို့အပေါ် သစ္စာရှိခြင်းသည် အောင်မြင်ခြင်း ဖြစ်၍ သစ္စာမဲ့ခြင်းသည် ကျဆုံးခြင်းသာဖြစ်သည်။” (ခင်နှင်းယု) ဖန်တီးသူအကြိုက်လက်ရွေးစင်ဝတ္ထုတိုစု စာအုပ်မှ ၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်က စာရေးဆရာမကြီး ခင်နှင်းယုကွယ်လွန်ခဲ့တာဟာ အခု ၂၀၂၁ ခု ဇန်နဝါရီ ၂၁ ရက်နေ့မှာ ၁၈ နှစ် ကြာခဲ့ပြီဖြစ်သလို၊ ခင်နှင်းယု ရာပြည့်ကလည်း ၄ နှစ်ပဲ လိုတော့ပါရဲ့။ သူရိန် နေမင်းကြီးဟာ တောင်စွယ်မှာ ကွယ်ကာ သွားပြီ ဖြစ်ပေမဲ့ သူ့ရဲ့ အပူငွေ့ဓာတ်တွေ တနေ့လုံးပေးခဲ့တဲ့ အကျိုးဆက်တွေကတော့ ဆက်လက် ခံစားစံစားနေကြရမြဲပါ။ သည်လိုပါပဲ။ ခင်နှင်းယု မည်သော စာဆိုကြီးတဆူ ကွယ်ခဲ့ပေငြား သူ့ စာပေ ရောင်ဝါအရှိန်တွေကတော့ ဒီနေ့ ၁၈ နှစ် ကြာ အထိတိုင်အောင် ထွန်းလင်း တောက်ပနေဆဲ မဟုတ်ပါလားဗျာ။ ။  မောင်တူး  
9 months Ago
Up