ခင်ပွန်းက ဇနီးမယားကို ထမ်းပိုးသယ်ဆောင်ရသည့် ထူးခြားပြိုင်ပွဲ

July 24, 2017

ခင်ပွန်းက ဇနီးမယားကို ထမ်းပိုးသယ်ဆောင်ရသည့် ထူးခြားပြိုင်ပွဲ (ရုပ်သံ)

ဒီပြိုင်ပွဲဟာ သာမန်ထက် ထူးခြားတဲ့ အားကစားပြိုင်ပွဲတခုဖြစ်နေမှာပါ။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ခင်ပွန်း၊ ဇနီးမယားနဲ့အတူတူ တက်ညီလက်ညီ ပါဝင်ယှဉ်ပြိုင်ရတဲ့ ကစားနည်း ဖြစ်နေလို့ပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဇနီးမယား ထမ်းပိုးပြေးတဲ့ ချန်ပီယံပြိုင်ပွဲ မြင်ကွင်းတွေကို တွေ့မြင်ရမှာပါ။ ပါဝင်ယှဉ်ပြိုင်တဲ့ ခင်ပွန်းဖြစ်သူ အမျိုးသားမှာ ဘယ်လိုအရည်အချင်းတွေများ ရှိနေဖို့ လိုအပ်ပါသလဲ။ ပါဝင်ယှဉ်ပြိုင်ကြမယ့် စုံတွဲတွေအနေနဲ့ ကြံ့ခိုင်မှုရှိဖို့ လိုအပ်ပြီး အကွာအဝေး ၂၅၀ မီတာကို ထမ်းပိုးပြေးကာ ယှဉ်ပြိုင်ရတာပါ။ ပြိုင်ပွဲရဲ့ စည်းမျဉ်းအရ အမျိုးသားတဦးဟာ သူ့ရဲ့ဇနီးဖြစ်သူ ဒါမှမဟုတ် တခြား အမျိုးသမီးအတွဲနဲ့အတူ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ကာ အဲဒီအမျိုးသမီးက အသက် ၁၇ နှစ် အနည်းဆုံးရှိရမယ်လို့ ဆိုပါတယ်။ ဇနီးမယားရဲ့ အနိမ့်ဆုံး ကိုယ်အလေးချိန်ဟာ ၄၉ ကီလိုဂရမ် ရှိရမှာဖြစ်ကာ သူ့ကို နောက်ကျောပေါ်မှာ သိုင်းကြိုးနဲ့ချီပြီး သယ်ဆောင်ပြေးရမှာ ဖြစ်ပါတယ်။ ပြေးလမ်းတလျှောက် ခြောက်သွေ့ကြမ်းတမ်းတဲ့ မြေပြင်ပြေးလမ်းအဆင့် ၂ ဆင့်နဲ့ ၁ မီတာအနက်ရှိတဲ့ ရေထဲကပြေးရတဲ့ အဆင့်တဆင့် ပါဝင်ပါတယ်။ ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိတဲ့ စုံတွဲက ပြိုင်ပွဲမှာ အနိုင်ရရှိမှာဖြစ်ပြီး တခြားဆုတွေအနေနဲ့ ဖျော်ဖြေမှု အကောင်းဆုံးဆု၊ ဝတ်စားဆင်ဆင်မှု အကောင်းဆုံးဆုနဲ့ ကြံ့ခိုင်မှု အကောင်းဆုံးဆုတွေ ပေးအပ်မှာ ဖြစ်ပါတယ်။ စိတ်နေသဘောထား၊ သယ်ဆောင်မှုပုံစံ၊ ဝတ်စားဆင်ယင်မှုတွေဟာလည်း ပြိုင်ပွဲမှာ ချန်ပီယံဖြစ်စေဖို့ လိုအပ်တာတွေပါပဲ။ ဇနီးမယားကို ထမ်းပိုးတဲ့ ပုံစံတွေကတော့ ကျောပေါ်ခွစီးစေတာ၊ ပုခုံးပေါ်က ဇောက်ထိုးဆွဲ ထမ်းပိုးတာ၊ ပုခုံးပေါ် ထမ်းပိုးတာလို ပုံစံတွေရှိနိုင်ပြီး ဘယ်လိုပုံစံမဆို လွတ်လပ်စွာ ထမ်းပိုးယှဉ်ပြိုင်နိုင်တယ်လို့ ဖော်ပြထားတာပါ။ ဇနီးမယားထမ်းပိုးပြေး ချန်ပီယံပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ နေ့စဉ်လှုပ်ရှားမှုတွေကနေလည်း လေ့ကျင့်ထားနိုင်ပါတယ်။ ရေချိုးခန်းထဲမှာ၊ ဈေးဝယ်စင်တာထဲမှာ၊ ကစားကွင်းထဲမှာ၊ ကာယလေ့ကျင့်ရေး စင်တာမှာ စတဲ့နေရာတွေမှာ လေ့ကျင့်ထားနိုင်ပြီး ဒီပြိုင်ပွဲဟာ သင်တို့ကြားက ပတ်သက်ဆက်နွယ်မှုကို ကောင်းမွန်စေမှာပါ။
6 years Ago
Up