ခင်ပွန်း

September 21, 2018

ဇနီးကိုသတ်ကာ ခရီးဆောင်အိတ်တွင်းထည့်ပြီး စွန့်ပစ်ခဲ့သည့် ခင်ပွန်းကို ရဲဖမ်းဆီး (ရုပ်သံ)

ရုရှားနိုင်ငံမှာ လင်မယားချင်းစကားများရာကနေ ဇနီးဖြစ်သူကို သတ်ကာ ခရီး ဆောင်အိတ်ထဲထည့်ပြီး စွန့်ပစ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူ အမျိုးသားကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့ ပါတယ်။ ဒီအဖြစ်အပျက်ဟာ ချီဘော့ခ်စရီမြို့မှ သူတို့နေထိုင်ရာ တိုက်ခန်းတွင်းမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ စက်တင်ဘာ ၂၀ ရက်နေ့က ဖော်ပြပါတယ်။ သေဆုံးသူ အသက် ၃၇ နှစ်အရွယ် ဇနီးသည် အန်နာ အော့ဗ်ချင်နီကိုဗာရဲ့  လည်ပင်းကို ကြိုးနဲ့ ညှစ်သတ်ခဲ့တယ်လို့ ခင်ပွန်းဖြစ်သူ တရားခံ အလက်ဇန္ဒားက ၀န်ခံထွက်ဆိုထားပါတယ်။ သေဆုံးသူရဲ့ ဖခင်က သမီးဖြစ်သူ ရုတ်တရက်ပျောက်ဆုံးနေတယ်လို့ ရဲတွေကို တိုင်ကြားခဲ့ပြီးနောက်မှာမှ စစ်ဆေးပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးအရာရှိတွေဟာ စီစီတီဗွီရုပ်သံမှတ်တမ်းတွေကတဆင့် စုံစမ်း ဖော်ထုတ်ခဲ့ချိန်မှာတော့ အလက်ဇန္ဒားကို ဖမ်းမိခဲ့ပြီး သူက လူသတ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့တာပါ။ သူ့ရဲ့ ၀န်ခံထွက်ဆိုချက်မှာတော့ “ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ ည ၁၀ နာ ရီလောက်မှာ ကျနော်တို့ စကားများခဲ့ကြပြီး သူ့ရဲ့ လည်ပင်းကို ကြိုးနဲ့တုပ်ပြီး ညှစ်ခဲ့တာပါ။ အဲဒီနောက်တော့ သူသေသွားခဲ့တယ်။ ကျနော် ခရီးဆောင်အိတ်တလုံးထဲမှာ အလောင်းကိုထည့်ပြီး အငှားကားတစီးခေါ်ခဲ့တယ်။ ပြီးတော့ ကမ်းခြေတနေရာကို သွားခဲ့ပြီး မြေကျင်းတူးပြီး မြှုပ်ထားခဲ့တာပါ”လို့ ဖော်ပြထားပါတယ်။ ဖမ်းမိချိန်မှာတော့ သူက ရဲတွေကို ဇနီးအလောင်းမြှုပ်ထားတဲ့ နေရာ လမ်းညွှန် ပြသခဲ့တာပါ။ ရဲတွေကတော့ တရားခံအမျိုးသားဟာ အရင်ကလည်း လူသတ်မှုနဲ့ ထောင်ဒဏ် ၁၄ နှစ်ကျခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတော့ သူဟာ ထောင်ကနေ လွတ်မြောက်လာခဲ့ပြီးနောက် လက်ရှိ ဇနီးဖြစ်သူနဲ့ ပေါင်းသင်းနေထိုင်ခဲ့ကြတာပါ။ သူတို့မှာ ၆ နှစ်အရွယ် သမီးတယောက်နဲ့ ၁ နှစ်မပြည့်သေးတဲ့ သားတယောက်ရ ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကတော့ ဇနီးဖြစ်သူဟာ ရဲတွေကို ခင်ပွန်းက သူ့ကို ရိုက် နှက်နှိပ်စက်ကြောင်း တိုင်ကြားမှုတွေ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရဲတွေကတော့ ခိုင်မာတဲ့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မရှိ တဲ့အတွက် အမှုမဖွင့်ပေးနိုင်ခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago

May 1, 2018

ဇနီးကို ဝက်အူလှည့်ဖြင့်ထိုးပြီး တိုက်ခိုက်သည့် ခင်ပွန်းအား ရဲဖမ်းဆီး (ရုပ်သံ)

အမေရိကန်နိုင်ငံက ဆံပင်ညှပ်ဆိုင်တဆိုင်ရှေ့မှာ အမျိုးသားတဦးက သူ့ရဲ့ဇနီးဖြစ်သူကို ဝက်အူလှည့်နဲ့ထိုးပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ မန်ဟက်တန်ဒေသတွင်းက ဆံသဆိုင်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးဟာ ဆိုင်ထဲမှာ ထိုင်နေချိန် ခင်ပွန်းဖြစ်သူက ဝက်အူလှည့်နဲ့ လာထိုးပြီး တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ အနီးနားက မျက်မြင်သက်သေ ဆိုင်ရှင်တဦးက ဝင်ရောက်ဖျန်ဖြေပေးနိုင်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ခင်ပွန်း အမျိုးသားဖြစ်သူကို တားဆီးလို့မရခဲ့ဘဲ ဇနီးဖြစ်သူနောက်ကို လိုက်ပြီး ထိုးနှက်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ ဆိုင်အပြင်ဘက်ကို လုံးထွေးရင်းရောက်ရှိသွားခဲ့ချိန်မှာ အနီးက မျက်မြင်သက်သေတွေက တိုက်ခိုက်မှုကို ဟန့်တားခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက်တော့ အသက် ၆၆ နှစ်အရွယ် ဂျို့စ်ကက်စတီလို အမည်ရတဲ့ အမျိုးသားကို ရဲတွေက ဇနီးဖြစ်သူကို သတ်ရန်ကြံစည်မှုနဲ့ ဖမ်းဆီးသွားခဲ့တာပါ။ သူတို့ဇနီးမောင်နှံ ၂ ဦးဟာ အသက် ၅ နှစ်အရွယ် သမီးလေးကို ထိန်းသိမ်းစောင့်ရှောက်ခွင့်နဲ့ ပတ်သက်ပြီး တရားရုံးမှာ အမှုရင်ဆိုင်နေကြရသူတွေ ဖြစ်ပါတယ်။ ဇနီးဖြစ်သူ အမျိုးသမီးကိုတော့ ဆံသဆိုင်ပိုင်ရှင်က စိန့်လုခ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တာပါ။ လက်ရှိမှာတော့ သူ့ရဲ့အခြေအနေဟာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပေမယ့် ထိခိုက်ပေါက်ပြဲ ဒဏ်ရာတွေနဲ့အတူ နှာခေါင်းပိုက်နဲ့ အသက်ရှူနေရတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up