ခက်ခဲကြမ်းတမ်းသည့် ဘဝခရီးလမ်းမပေါ်မှ အိပ်မက်ကြီးကြီး မက်သူများ

February 6, 2018

ခက်ခဲကြမ်းတမ်းသည့် ဘဝခရီးလမ်းမပေါ်မှ အိပ်မက်ကြီးကြီး မက်သူများ (ဓာတ်ပုံ)

ဆီရီယာလီယွန်နိုင်ငံမှာ လမ်းမပေါ်က အကသမား (Street Dancers) တွေအဖြစ် ရပ်တည်နေထိုင်ရတာဟာ တကယ့်ကို မလွယ်ကူလှပါဘူး။ သူတို့ဟာ လူတွေကို ဒုက္ခပေးသူတွေ၊ သူခိုးဂျပိုးတွေလို့ တံဆိပ်ကပ်ခံရပြီး ဆိုးဝါးတဲ့ နာမည်ဆိုးနဲ့သာ သတ်မှတ်ထားကြတာမျိုးပါ။ အကြမ်းတမ်းဆုံး ကန့်သတ်နယ်နိမိတ်များလို့ အမည်ပေးထားတဲ့ Roughest Bounds အကအဖွဲ့ကတော့ ဒီလိုအခက်အခဲတွေကြားထဲက ရုန်းထွက်ပြီး သူတို့ရဲ့ပုံရိပ်တွေကို မြှင့်တင်ဖို့ အသင့်ရှိနေခဲ့ပါတယ်။ သူတို့အဖွဲ့မှာ အဖွဲ့ဝင် ၁၂ ဦးပါဝင်ပြီး ဘဏ္ဍာရေးနဲ့ လူမှုရေးဆိုင်ရာ ရုန်းကန်ရမှုတွေ ရှိနေပေမယ့်လည်း ဒါကို ဖြတ်ကျော်သွားမှာဖြစ်တယ်လို့ စိန်ခေါ်ထားကြပါတယ်။ ဆလင်းဟာ အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်တဦးဖြစ်ပြီး အသက် ၇ နှစ် အရွယ်ကတည်းက စတင်ကခဲ့တာလို့ ဆိုပါတယ်။ “ကျနော် ကျောင်းမှာ စကခဲ့ကတည်းက ကျနော့်မှာ စွမ်းရည်တမျိုးရှိတယ်ဆိုတာ သိခဲ့ပါတယ်။ လူတွေက ကျနော်ကတာ ကောင်းတယ်၊ တော်တယ်ဆိုပြီး လက်ခုပ်တီး အားပေးကြတော့ ကျနော် အရမ်းဝမ်းသာခဲ့တယ်။ ဒါနဲ့ ကျနော် ဆွဲဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်။” ဒါပေမယ့် တကယ်လျှောက်လှမ်းရတဲ့ ခရီးကတော့ မလွယ်ကူခဲ့ပါဘူး။ ဖခင်ဖြစ်သူက သူ့ကို အိမ်ကနှင်ချခဲ့ပြီး အာဖရိကမှာ လမ်းမပေါ်က အကသမားဆိုတာ ဘယ်တော့မှ ပိုက်ဆံဝင်ငွေရမှာ မဟုတ်ဘူးလို့ ပြောခဲ့ကြောင်း ဆိုပါတယ်။ လက်ရှိမှာတော့ သူတို့အကအဖွဲ့ဟာ အခန်း ၂ ခန်းပါတဲ့ တိုက်ခန်းတခန်းမှာ နေထိုင်နေကြပါပြီ။ ဒီအခန်းကတော့ သူတို့ကို မြေတောင်မြှောက်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ မန်နေဂျာ ဆမ်မြူရယ်လ်ပိုင်ဆိုင်တဲ့ အခန်းဖြစ်ပါတယ်။ သူတို့ကို ကူညီပေးဖို့ ခုလိုဆုံးဖြတ်ခဲ့တာကို ဆမ်မြူရယ်လ်ရဲ့ ဖခင်က သဘောမတူခဲ့လို့ လာမယ့်သီတင်းပတ်မှာတော့ သူတို့ တခြားတနေရာကို ပြောင်းရဦးမှာပါ။ သူတို့ဟာ မွေ့ရာတခုတည်းပေါ်မှာ အတူအိပ်ကြရပြီး ခက်ခက်ခဲခဲ ဖြတ်သန်းနေကြရပေမယ့် ပျော်ရွှင်နေကြတာပါပဲ။ နေ့စဉ်ဝတ်ပြုဆုတောင်းမှုတွေ လုပ်ကြပြီး နေ့လယ် ၂ နာရီကနေ ည ၇ နာရီထိ အကလေ့ကျင့်မှုတွေ ပြုလုပ်လေ့ရှိကြတယ်လို့ ဆိုပါတယ်။ လမ်းမပေါ်က အကပြိုင်ပွဲတွေ၊ မင်္ဂလာအခမ်းအနားတွေမှာ ဖျော်ဖြေမှု ပြုလုပ်ပေးရတာတွေကနေ ဝင်ငွေအနည်းငယ် ရရှိတယ်လို့ ပြောပါတယ်။ ဆလင်းက “ဒီနှစ်တော့ ကျနော်တို့ ပြိုင်ပွဲ ၃ ခုမှာ အနိုင်ရခဲ့တယ်။ တပွဲဆုရရင် ကျနော်တို့ လီယွန် ၁ သိန်းကနေ ၃ သိန်းထိ (၁၃ ဒေါ်လာနဲ့ ၃၉ ဒေါ်လာကြား) ရပါတယ်။ ဒါပေမယ့် ငွေက တာရှည်မခံပါဘူး။ ကျနော်တို့ နောက်ထပ် လိုအပ်တဲ့ အဝတ်အစား၊ အသုံးအဆောင်တွေအတွက် ဝယ်ရပြီး ကုန်သွားတာပါပဲ။” သူတို့နာမည်တွေ ရေးထွင်းထားတဲ့ ဆွဲကြိုးတွေ ဝတ်ဆင်ထားတဲ့ အဖွဲ့သားတွေဟာ စိတ်မပျက်ကြဘဲ ဆက်လက်ချီတက်နေကြဆဲပါပဲ။ သူတို့ဟာ အပိုဝင်ငွေမရှိဘဲ ချို့ချို့ငဲ့ငဲ့ ဖြတ်သန်းရတာတွေ၊ နည်းပါးတဲ့ အစားအစာ မဝရေစာ စားသောက်ရတာတွေနဲ့ အသားတကျ နေထိုင်ဖြတ်သန်းနေကြရပါတယ်။ ဆလင်းကတော့ မနက်ခင်းမှာ ကျောင်းတက်နေပြီး “ကျနော် အကသမားတယောက် ဖြစ်ချင်တာ ကျနော်သိတယ်။ ဒါပေမယ့် ကျနော့်ကျောင်းပညာရေး ပြီးဆုံးဖို့လည်း လိုအပ်ပါတယ်” လို့ ပြောပါတယ်။ ညနေခင်းတွေမှာတော့ အခန်းဝရံတာမှာ ထိုင်ကြရင်း အကလေ့ကျင့်ရင်း သူတို့ ဖြတ်သန်းရမယ့် နာမည်ကြီးလာမယ့် အနာဂတ်အကသမားတွေအဖြစ် စကားစမြည် ပြောကြရင်းနဲ့ ဖြတ်သန်းနေကြပါတယ်။ ဆလင်းကတော့ သူ့အနေနဲ့ နောင်တချိန်မှာ အမေရိက၊ ဒါမှမဟုတ် ဥရောပမှာ အကစွမ်းရည်ပြသချင်ပြီး ဆီရီယာလီယွန်မှာလည်း ဒီလိုအကသမားတွေ ရှိတယ်ဆိုတာကို ပြသချင်တာလို့ ပြောပါတယ်။ ဓာတ်ပုံ - OLIVIA ACLAND  
3 years Ago
Up