ကွာရန်တင်းထားရန်

October 19, 2020

ပန်းတနော်တွင် ကွာရန်တင်းထားရန် သွားခေါ်သူများအား ဟန့်တားခဲ့သူ ၆ ဦးကို အမှုဖွင့်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ရွာသာကြီးကျေးရွာ မူလတန်းကျောင်းမှာ ကွာရန်တင်းပြုလုပ်မှာကို ဟန့်တားခဲ့တဲ့ ရွာသား ၆ ဦးအား အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်ကနေ ပြန်လာတဲ့ ရွာသာကြီးကျေးရွာက ရွာသား ၉ ဦးကို မူလတန်းကျောင်းမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ဖို့ တာဝန်ရှိသူတွေက သွားခေါ်ရာမှာ ဟန့်တားခဲ့တာကြောင့် အမှုဖွင့်အရေးယူတာလို့ ပန်းတနော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။ "ရန်ကုန်က ပြန်လာတဲ့ ၉ ယောက်ကို ကွာရန်တင်းထားဖို့ ကျေးရွာကော်မတီက စီစဉ်တော့ အဲ့ရွာသား ၆ ဦးက တားတယ်၊ ကော်မတီကနေ ဒီတားတဲ့လူတွေကို အရေးယူပေးပါလို့ တင်ပြလာတော့ ခုရဲစခန်းမှာ အမှုဖွင့်ထားပါပြီ။" ရန်ကုန်ကပြန်လာတဲ့ ရွာသာကြီးကျေးရွာနေ ၉ ဦးကို မြို့ပေါ်ကွာရန်တင်းမှာ ထားရှိထာတတယ်လို့ ဆိုပါတယ်။ ကွာရန်တင်းထားဖို့ ဟန့်တားခဲ့သူ ၆ ဦးကို ပန်းတနော်မြို့မရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၆ နဲ့အမှုဖွင့်ထားပြီး အောက်တိုဘာလ ၁၉ ရက်နေ့ ရဲစခန်းကိုလာရောက်ဖို့ ခေါ်ယူထားတယ်လို့ ရဲတပ်ဖွဲ့ဆီက သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
2 years Ago
Up