ကွာရန်တင်းစင်တာမှ ထွက်ပြေးသူ

September 22, 2020

လွိုင်ကော် ကွာရန်တင်းစင်တာမှ ထွက်ပြေးသူ ၁ ဦးကို ပြန်လည်ခေါ်ဆောင် အမှုဖွင့် 

လွိုင်ကော်တက္ကသိုလ် ကွာရန်တင်းစင်တာကနေ ထွက်ပြေးသွားသူ တစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆/၂၉ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့  လွိုင်ကော်မြို့မ ရဲစခန်းမှူး ကျော်လင်းထွန်းက  ပြောပါတယ်။ စက်တင်ဘာ ၂၁ ရက်က တခြားပြည်နယ်ကနေ လွိုင်ကော်ကို ပြန်လည်ဝင်ရောက်လာသူ တဦးဟာ လွိုင်ကော်တက္ကသိုလ်ရှိ Community Based Facility Quarantine Center မှာ ဝင်ရောက်ရာ ထွက်ပြေးဖို့ကြိုးစားခဲ့ပြီး  လုံခြုံရေးရဲတပ်ဖွဲဝင်နဲ့ဝန်ထမ်းတွေ တားမြစ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်ကို ရန်ပြုပြီး  ထွက်ပြေးသွားခဲ့ပါတယ်။ သူကို လွိုင်ကော်ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေ ထိန်းသိမ်းခဲ့ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှိ ကွာရန်တင်းစင်တာမှာ  ပို့ဆောင်ထားခဲ့ရပါတယ်။ ဒီလိုထွက်ပြေးဖို့  အားထုတ်ပြီး တာဝန်ကျရဲတပ်ဖွဲ့ဝင်ကိုလည်း လက်ရောက်ကျူးလွန်ခဲ့တဲ့ အတွက် သူ့ကို သဘောဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆/၂၉ နဲ့ အမှုဖွင့် အရေးယူတာလို့ စခန်းမှူး ကျော်လင်းထွန်းက ပြောပါတယ်။ “မနေ့က ကွာရန်တင်းစင်တာကနေ ထွက်ပြေးဖို့လုပ်တာပေါ့။ ထွက်ပြေးဖို့လုပ်တော့ ဒီကရှိတဲ့ ဝန်ထမ်းတွေတားတာပေါ့။ တားတဲ့အခါသူက ပြန်ပြီးတော့ ရန်ပြုတာပေါ့။ လက်သီးနဲ့ထိုးတာ ကာ လိုက်တော့ မထိပါဘူး။ ပြီးတဲ့အခါထွက်ပြေး။ ထွက်ပြေးတဲ့အခါကျတော့ ကျနော်တို့ လှမ်းပြောတဲ့ အခါကျတော့ ကျနော်တို့က သွားပြီးတော့ ထိန်းသိမ်းတာပေါ့ခင်ဗျာ။ ထိန်းသိမ်းပြီးတော့ လွိုင်ကော်ဆေးရုံကို ပို့ထားတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ကျနော်ကနေပြီးတော့ တရားလို လုပ်ပြီးတော့ အမှုဖွင့်လိုက်တာပေါ့။”  ထွက်ပြေးဖို့ကြိုးစားသူဟာ လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု၊ ထီးပလောခူကျေးရွာနေသူ လို့ သိရပါတယ်။   ကယားပြည်နယ်တွင်း မြို့နယ် ၇ ခုမှာရှိတဲ့ Community Based Facility Quarantine Center မှာ ကွာရန်တင်း ဝင်ရောက်သူ ၂၇၉ ဦးရှိကြောင်း စက်တင်ဘာ ၂၁ ရက် ပြည်နယ်အစိုးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကယားပြည်နယ်အတွင်း ဆေးရုံတွေမှာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး သံသယလူနာရောဂါ စောင့်ကြပ်ကြည့်ရှုမှုအရ ရောဂါ ဆေးစစ်ဆေးချက် အဖြေ စောင့်ဆိုင်းဆဲ လူနာ  ၆၉ ဦး ရှိကြောင်းလည်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။
1 year Ago
Up