ကွယ်လွန်

December 18, 2021

ချီလီအာဏာရှင်ဟောင်း၏ဇနီး ကွယ်လွန်

ဒီဇင်ဘာ ၁၆ ရက်က ချီလီနိုင်ငံ အာဏာရှင်ဟောင်း အော်ဂုစတိုပီနိုရှေးရဲ့ဇနီး လူစီယာ ဟီရိရတ် (Lucia Hiriart) ကွယ်လွန်တဲ့သတင်း ကြားပြီးနောက် ပြည်သူ ရာပေါင်းများစွာ ဝမ်းသာအားရနဲ့ လမ်းတွေပေါ်ထွက် ပျော်မြူးခဲ့ကြပါတယ်။

သူမဟာ ကွယ်လွန်သူ ပီနိုရှေးအပေါ် ဩဇာလွှမ်းနိုင်သူဖြစ်ပြီး ပိုင်ဆိုင်တဲ့ အိမ်ခြံမြေတွေဟာ သံသယဖြစ်ဖွယ်ရှိတာကြောင့် တရားရုံးမှာ အကြိမ်များစွာ စုံစမ်းစစ်ဆေးခံခဲ့ရပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့မှာ အပြိုင်အဆိုင်ကြီးမားတဲ့ ချီလီသမ္မတရာထူး ရွေးကောက်ပွဲရှိနေပြီး အဲဒီ မတိုင်ခင် ၃ ရက်အလိုမှာ သေဆုံးခဲ့တာပါ။ လူစီယာ သေဆုံးမှုကို သူ့မိသားစုဝင်တဦးက အတည်ပြုပြောခဲ့ပါတယ်။

အာဏာရှင် စစ်ဗိုလ်ချုပ်ပီနိုရှေးဟာ ၁၉၇၃ မှာ ဒီမိုကရေစီရွေးကောက်ခံအစိုးရကို အာဏာသိမ်း ဖြုတ်ချခဲ့ပြီး သွေးထွက်သံယိုတွေ ဖြစ်ခဲ့ပါတယ်။ 

သူအုပ်ချုပ်တဲ့ ၁၇ နှစ်တာကာလအတွင်း လူ ၃၀၀၀ ကျော် အသတ်ခံရပြီး ထောင်သောင်းများစွာ ကို နှိပ်စက်ညှဉ်းပန်းခဲ့ပါတယ်။ 

ပီနိုရှေးက ၁၉၇၀ နဲ့ ၁၉၈၀ နှစ်တွေအတွင်း ချီလီကို ဈေးကွက်စီးပွားရေးစနစ် စဖွင့်ပေးခဲ့ပေမဲ့ နိုင်ငံမှာ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားစေခဲ့ပါတယ်။

ဆန္ဒပြအမျိုးသမီးတဦးက “ဒီမိန်းမသေတာ ကျမ တအား ဝမ်းသာတယ်၊ တွေးမိရင် ‌ဒေါသလည်း ဖြစ်တယ်။ ပီနိုရှေးလက်ထက်မှာ ကျမအစ်ကို အသတ်ခံရတယ်။ လျော်ကြေးတပြားမှ မရဘူး။ မနက်ဖြန် တနင်္ဂနွေနေ့ ရွေးကောက်ပွဲက တက်လာမယ့် သမ္မတကတော့ တရားမျှတမှု လိုလားမယ်လို့ မျှော်လင့်ပါတယ်” ပြောပါတယ်။

မစ္စလူစီယာဟာ မာထန်ထန် အမျိုးသမီးဖြစ်ပြီး လူအများရှေ့ ခင်ပွန်းဖြစ်သူ ပီနိုရှေးကို အနိုင်ယူပြတတ်သူပါ။ သူတို့နှစ်ဦး ၁၉၄၃ မှာ လက်ထပ်ခဲ့ကြပါတယ်။

1 month Ago

December 12, 2021

စပိန်ဂန္ထဝင်တင်းနစ်ကစားသမား မန်နူရယ် ဆန်တားနား ကွယ်လွန်

စပိန်နိုင်ငံက အကြီးကျယ်ဆုံး၊ အအောင်မြင်ဆုံး ဂန္ထဝင်တင်းနစ်ကစားသမား အသက် ၈၃ နှစ်ရှိအရွယ် မန်နူရယ်ဆန်တားနား ဟာ စနေနေ့က ကွယ်လွန်သွားပါတယ်။ 

Grand Slam  ချန်ပီယံ ၄ ကြိမ် ဖြစ်ခဲ့ဖူးတဲ့ ဆန်တားနားကြောင့် တင်းနစ် အားကစားဟာ စပိန်မှာ လူကြိုက်များလာတယ်လို့ ဆိုရမှာပါ။ 

၁၉၆၆ ခုနှစ်တုန်းက သူဟာ ကမ္ဘာ့ နံပါတ် ၁ တင်းနစ်သမား ဖြစ်ခဲ့ပြီး အဲဒီနှစ်မှာပဲ Wimbledon ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။ 

ဒီမတိုင်ခင် ၁၉၆၅ မှာ သူဟာ U.S. Open ချန်ပီယံ ဖြစ်ခဲ့သလို၊ Davis Cup ဗိုလ်လုပွဲမှာလည်း အမေရိကန် အသင်းကို အနိုင်ရတဲ့ စပိန်အသင်းကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဆန်တားနားဟာ ၁၉၆၁ နဲ့ ၁၉၆၄ ခုနှစ်တို့မှာ  ပြင်သစ် အိုပင်းချန်ပီယံ ဖလားကို ရရှိခဲ့ပါတယ်။

ဆန်တားနားရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေထဲမှာ ၁၉၅၈ နဲ့ ၁၉၇၃ ခုနှစ်က Davis Cup ပြိုင်ပွဲနဲ့ ၁၉၆၈ မက္ကဆီကို အိုလံပစ် ပြိုင်ပွဲတို့ကိုလည်း ချန်ထားလို့ မရပါဘူး။  

ဆန်တားနားဟာ ငယ်စဉ်က မက်ဒရစ် တင်းနစ်ကလပ်မှာ ဘောလုံးကောက်သမားဘဝနဲ့ စတင်ခဲ့ပြီး ကလပ်အသင်းရဲ့ အထောက်အပံ့နဲ့ တင်းနစ်လောကထဲ ရောက်လာကာ စပိန်ရဲ့ အကြီးကျယ်ဆုံး အခမ်းအနားဆုံး တင်းနစ်သမား ဖြစ်လာခဲ့တာပါ။  

ပထမဆုံး စပိန်ချန်ပီယံရှစ် ဖလားကို ၁၉၅၈ ခုနှစ်မှာ ရရှိခဲ့ပြီး သူ့ဘဝတလျောက်လုံးမှာ တဦးချင်း ချန်ပီယံဖလား ၇၂ ကြိမ် ရရှိခဲ့သူဖြစ်ပါတယ်။  

1 month Ago
More News
Up