ကွန်မြူနစ်ပါတီ

December 27, 2021

ရှင်းကျန်းပြည်နယ် ကွန်မြူနစ်ပါတီ အကြီးအကဲနေရာ အစားထိုး

တရုတ်အစိုးရဟာ ရှင်းကျန်းပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီအကြီးအကဲ ချန်ကွမ်းကို့ရဲ့ နေရာကို မာရှင်းယွိနဲ့ အစားထိုးလိုက်ပါတယ်။

ဘာသာရေး အစွန်းရောက်မှုတိုက်ဖျက်ရေး နာမည်အောက်မှာ ဝီဂါတိုင်းရင်းသားတွေနဲ့ တခြား မွတ်စလင်တွေကို ပစ်မှတ်ထားပြီး လုံခြုံရေးအရ နှိမ်နင်းရာမှာ ကြီးကြပ်သူနေရာကို လူချင်းလဲ လိုက်တာပါ။

ချန်ကွမ်းကို့ဟာ ၂၀၁၆ ခုနှစ်တည်းက ဒီရာထူးကို ရထားသူဖြစ်ပြီး တခြားအခန်းကဏ္ဍ တခုအတွက် ရွှေ့ပြောင်းတာဝန်ပေးခံရတာပါ။

မာရှင်းယွိကတော့ ကမ်းရိုးတန်းက စီးပွားရေးပြည်နယ် ကွမ်တုံရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၇ ခုနှစ်တည်းက ထမ်းဆောင်ခဲ့သူလို့ ဒီဇင်ဘာ ၂၅ ရက်နေ့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

တရုတ်ရဲ့ အနောက်စွန်းက ရှင်းကျန်းပြည်နယ်အတွင်း စခန်းတွေထဲမှာ ထိန်းသိမ်းခံထားရတဲ့ မွတ်စလင် အယောက် ၁ သန်းကျော်မယ်လို့ ကုလသမဂ္ဂ သုတေသီတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။

တရုတ်ကတော့ နှိပ်စက်မှုဆိုင်ရာ စွဲချက်တွေကို ပယ်ချပြီး စခန်းတွေဟာ အစွန်းရောက်မှု တိုက်ဖျက်ရေးအတွက် သက်မွေးဝမ်းကျောင်းဌာနတွေလို့ ပြောပါတယ်။

ဒီစခန်းတွေထဲမှာ နေသူအားလုံး သင်ရိုးကုန်တတ်ပြီးပြီလို့လည်း ၂၀၁၉ နှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။

တရုတ်အစိုးရ ပေါလစ်ဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ အသက် ၆၆ နှစ်အရွယ် ချန်ကွမ်းကို့ဟာ ရှင်းကျန်းပြည်နယ် လုံခြုံရေးနှိမ်နင်းမှုအတွက် တာဝန်ရှိတဲ့ အကြီးတန်းအရာရှိအဖြစ် ရှုမြင်ခံ ထားရပါတယ်။ သူ့ကို အမေရိကန်က မနှစ်က ဒဏ်ခတ်ခဲ့ပါတယ်။

11 months Ago

January 30, 2021

ကိုဗစ်-၁၉ ကြောင့် ဗီယက်နမ် ကွန်မြူနစ်ပါတီ အစည်းအဝေး အကျဉ်းချုံးကျင်းပမည်

ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှု အကြီးအကျယ် ရင်ဆိုင်နေရတာမို့  အာဏာရ ကွန်မြူနစ်ပါတီ အစည်းအဝေးကို အကျဥ်းချုံးကျင်းပသွားမယ်လို့  နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၃၀ ရက်မှာ ကြေညာပါတယ်။

၅ နှစ် တစ်ကြိမ် ကျင်းပတဲ့ အထင်ကရပါတီ အစည်းအဝေးကို ချုံ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှာ အစည်းအဝေးကို အဆုံးသတ်မယ်လို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့တာပါ။

ဗီယက်နမ်ရဲ့ တကျော့ပြန် ဗိုင်းရပ်စ်ကူးစက်မှုဟာ ဇန်နဝါရီ ၂၈ ရက်က စတင်ပြီး ပါတီ အစည်းအဝေး ကျင်းပနေတဲ့ မြို့တော်ဟနွိုင်းအထိ ပျံ့နှံ့သွားပါတယ်။

ဗီယက်နမ်ဟာ ပထမ ၃ လပတ်အတွင်း ကိုဗစ်ကာကွယ်ဆေး ရရမယ်လို့ ဝန်ကြီးချုပ် ငုယင်စွမ်းဖု ပြောဆိုပြီးနောက်မှာ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို ခွင့်ပြုခဲ့ပါတယ်။ 

အက်စ်ထရာဇန်နက်ကာကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးကို ပြည်တွင်းမှာ ထိုးပေးဖို့ ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုထားပါတယ်။ ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ဝယ်ယူရေး ဆွေးနွေးနေတယ်လို့ အစိုးရက အစောပိုင်းမှာ ပြောဆိုထားပါတယ်။

2 years Ago
Up