ကွန်တိန်နာ

October 25, 2019

ဗြိတိန်နိုင်ငံ ကုန်တင်ကားထဲမှ အလောင်း ၃၉ လောင်းအား စစ်ဆေးရန် ဆေးရုံပို့ဆောင်

ဗြိတိန်နိုင်ငံ အက်စ်ဆက်စ်ဒေသ ကုန်တင်ကားနောက်ခန်းတွဲမှာ တွေ့ခဲ့ရတဲ့ တရုတ်နိုင်ငံသား အလောင်းလို့ယူဆရတဲ့ ၃၉ လောင်းကို ရင်ခွဲစစ်ဆေးဖို့အတွက် အောက်တိုဘာ ၂၄ ရက်နေ့က စတင်ရွှေ့ပြောင်းပါတယ်။ ဗြိတိန်ရဲတပ်ဖွဲ့ဟာ ကနဦးအနေနဲ့ အလောင်း ၁၁ လောင်းကို လူနာတင်ယာဉ်နဲ့ သယ်ပြီး ထယ်လ်ဘယ်ရီမြို့က ဘရွန်းမ်ဖီးလ်ဆေးရုံဆီကို ပို့ဆောင်ခဲ့ပါတယ်။  အလောင်းတွေ အစုလိုက်အပြုံလိုက်တွေ့ရတဲ့ အမှုနဲ့ ပတ်သက်လို အသက် ၂၅ နှစ်အရွယ် ကုန်တင်ကား ဒါရိုက်ဘာ မိုရော်ဘင်ဆင်ကို လူသတ်သံသယမှုနဲ့ ဖမ်းဆီးထားပါတယ်။  အလောင်းတွေကတော့ အမျိုးသမီးအလောင်း ၈ လောင်းနဲ့ အမျိုးသားအလောင်း ၃၁ လောင်းပါ။  အလောင်းအားလုံးကို စစ်ဆေးအတည်ပြုဖို့က အချိန်ကြာနိုင်တယ်လို့ အက်စ်ဆက်စ်ရဲဌာန ပြောခွင့်ရ အရာရှိတယောက်က ပြောပါတယ်။  အဲဒီအမှုနဲ့ ပတ်သက်လို့ ဖြစ်စဉ်အမှန်ကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ လန်ဒန်အခြေစိုက် တရုတ်သံရုံးက အောက်တိုဘာ ၂၄ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။  ဒါ့အပြင် ကုန်တင်ကား နောက်ခန်းတွဲမှာတွေ့တဲ့ အလောင်း ၃၉ လောင်းဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ကြတယ်ဆိုတာကို ဗြိတိန်ရဲတပ်ဖွဲ့က အတည်မပြုနိုင်သေးဘူးလို့ တရုတ်သံရုံး ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။  လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တရားမဝင် ရွှေ့ပြောင်းသူတွေဟာ  ဗြိတိန်နိုင်ငံကို ရောက်ဖို့အတွက် ကုန်တင်ကားနောက်တွဲတွေထဲ ပုန်းခိုလိုက်ပါကြခဲ့ကြပါတယ်။  ၂၀၀၀ ပြည့်နှစ်ကလည်း ဗြိတိန်နိုင်ငံ ဒိုဗာမြို့က ခရမ်းချဉ်သီးတွေ တင်ဆောင်လာတဲ့ ကုန်တင်ထားထဲမှာ တရုတ်နိုင်ငံသား ၅၈ ယောက်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။
2 years Ago
Up