ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ

October 21, 2020

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ လက်နက်ကိုင်အဖွဲ့က ထောင်သား ၁၃၀၀ ကျော်ကိုလွှတ်ပေး

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း ဘေနီမြို့မှာ အောက်တိုဘာ ၂၀ ရက်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အကျဉ်းထောင်တခုကို ဝင်တိုက်ခိုက်ပြီး ထောင်သား အယောက် ၁၃၀၀ ကျော်ကို ထောင်ကနေ လွှတ်ပေးလိုက်တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ ဒီဒေသထဲမှာ အစ္စလာမစ် စစ်သွေးကြွအုပ်စုတွေ လှုပ်ရှားနေတာဖြစ်ပြီး ထောင်သား ၁,၄၅၆ ယောက်ထဲက ပြည်သူ့စစ်တိုက်ခိုက်ရေးသမားတွေ အပါအဝင် လူ ၁၁၀ သာ ထောင်ထဲမှာ ကျန်ခဲ့တာပါ။ ဒီမိုကရက်တစ် မဟာမိတ်တပ် (ADF) ရဲ့ တိုက်ခိုက်ရေးသမားတွေက ကမ်ဘာယီ ဗဟိုအကျဉ်းထောင်ကို မနက်အစောပိုင်း တိုက်ခိုက်ခဲ့လို့  စစ်တပ်က ခုခံကာကွယ်ခဲ့ရတယ်လို့လည်း မြို့တော်ဝန်က ဆက်ပြောပါတယ်။ ကွန်ဂိုအရှေ့ပိုင်းမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ယူဂန်ဒါ လက်နက်ကိုင်အုပ်စု (ADF) က လှုပ်ရှားနေခဲ့တာပါ။ စစ်တပ်က နှိမ်နင်းဖို့ ထပ်ခါတလဲ ထိုးစစ်ဆင်ခဲ့ပေမယ့် ဒီအဖွဲ့ဟာ ၂၀၁၉ နှစ်စကနေ ခုထိ အရပ်သား အယောက် ၁,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးပြီလို့ ကုလသမဂ္ဂ ကိန်းဂဏန်းတွေက ပြောပါတယ်။ အိုင်အက်စ် စစ်သွေးကြွအုပ်စုကတော့ သူတို့လူတွေက တိုက်ခိုက်ခဲ့တာလို့ သူတို့ရဲ့ AMAQ သတင်းဌာနကနေ ပြောပါတယ်။ အရင်ကလည်း အိုင်အက်စ်တွေဟာ (ADF) ရဲ့ တိုက်ခိုက်မှုလို့ သံသယရှိတဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူဖူးပါတယ်။ ကမ်ဘာယီထောင်ဟာ သူပုန်အုပ်စုဝင်တွေကို ထိန်းသိမ်းထားတဲ့ထောင်ပါ။ ထောင်ထဲက ADF တိုက်ခိုက်ရေးသမားတွေဟာ တိုက်ခိုက်မခံရရင်နေ့တွေကတည်းက ထောင်ဖောက်ဖို့ ပြင်ဆင်နေခဲ့ကြတယ်ဆိုတဲ့ ကောလာဟလတွေ ရှိခဲ့တယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။ လွန်ခဲ့တဲ့ တနှစ်လောက်က စစ်တပ်ဟာ ADF တိုက်ခိုက်ရေးသမားတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေး အကြီးစားကို ဆင်နွှဲခဲ့ပါတယ်။ ဒါကြောင့် ADF ဟာ သူ့ အခြေစိုက်စခန်းကို စွန့်ခွာပြီး ပိုသေးပြီး ပိုလှုပ်ရှားတဲ့အုပ်စုတွေအဖြစ် ခွဲထုတ်ရင်း အရပ်သားတွေအပေါ် တိုက်ခိုက်ရင်း လက်စားချေနေခဲ့ပါတယ်။
1 year Ago
Up