ကွတ်ခိုင်မြို့နယ်

May 7, 2021

ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ ရွာသားများ စစ်ဘေးတိမ်းရှောင်ထွက်ပြေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့  တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တို့ကြား တိုက်ပွဲပြင်းထန်နေတာကြောင့် မန်ယန်ရွာက အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၇၂ ဦး မေလ ၇ ရက် ညနေ ၃ နာရီခန့်က နေရပ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်ခဲ့ရပါတယ်။

တိမ်းရှောင်ခဲ့ရသူတွေထဲ နို့တိုက်မိခင်  ၃ ယောက်ပါဝင်ပြီး ပန်ကူ မူလတန်းကျောင်းမှာ ခိုလှုံနေထိုင်နိုင်ဖို့ ကူညီပေးခဲ့တယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောပါတယ်။ 

မေလ ၇ ရက် မနက် ၁၀ နာရီလောက်က  တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီအထိ သေနတ်သံတွေ ကြားရတယ်လို့ ရွာသားတွေက ဆိုပါတယ်။

ကွတ်ခိုင်မြို့မှာ လတ်တလော စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေနဲ့  တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူအများအပြား ရှိနေပါတယ်။

Photo -CJ

2 days Ago

May 5, 2021

ကွတ်ခိုင်မြို့နယ်၌ စစ်ကောင်စီတပ်နှင့် TNLA၊ MNDAA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်ပန်ကျေးရွာအနီး  ဧပြီ ၅ မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့  တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ TNLA၊ MNDAA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက်တွေ့ဆုံတိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တချို့ကြောင့် ဒေသခံရွာသားတွေရဲ့ နေအိမ်နဲ့ဆိုင်ခန်းတချို့ ထိမှန်ပျက်စီးသွားခဲ့ပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် ဒေသခံကျေးရွာသူ ကျေးရွာသားတွေအပြင် ခရီးသွားပြည်သူတွေ၊ ကုန်စည်ပို့ဆောင်နေတဲ့ ယာဉ်မောင်းတွေပါ ထိခိုက်မှာကို  စိုးရိမ်နေကြတာပါ။

“ညကလက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်တာ ကျနော်တို့အနားမှာပဲ။ တိုက်ပွဲဖြစ်တော့ ကျနော်အမျိုးသမီးက မီးဖွားတာ ရက်ပိုင်းပဲရှိသေးတယ်။ အနီးကပ်ပစ်ခတ်နေတော့  စိုးရိမ်တာပေါ့။”လို့  မြို့ခံပြည်သူတစ်ဦးကပြောပါတယ်။

မေ ၄ ရက် နေ့လည်ပိုင်းကလည်း ပြည်ထောင်စုလမ်းမကြီးဘေး  ကွတ်ခိုင်မြို့နယ် မန်ပန်ကျေးရွာအနီး  တွေ့ဆုံဖြစ်ပွားခဲ့သလို ည ၇ နာရီလောက်မှာလည်း ကွတ်ခိုင်မြို့အဝင် တိုးဂိတ်အနီးမှာ နှစ်ဖက်တွေ့ဆုံ ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

4 days Ago
More News
Up