ကွင်းလယ်လူ

September 23, 2020

ဘာစီလိုနာကွင်းလယ်လူဗီဒယ် အင်တာမီလန်အသင်းထံ ယူရို ၁ သန်းဖြင့် ပြောင်းရွှေ့

ကွင်းလယ်ကစားသမား အာတူရိုဗီဒယ်ဟာ ဘာစီလိုနာအသင်းကနေ အင်တာမီလန်အသင်းကို ယူရို ၁ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာပြီး ၅ နှစ်အကြာမှာ အီတလီမြေကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဗီဒယ်ဟာ အင်တာအသင်းနဲ့ ၂၀၂၂  ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဒီစာချုပ်မှာ နောက်တစ်နှစ် သက်တမ်းတိုးခွင့် ပါဝင်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ကွင်းလယ်လူဟာ အင်တာအသင်းမှာ တစ်နှစ်ကို ယူရို ၆ သန်း ရရှိမှာဖြစ်ပြီး စီရီးအေမှာ ဂျူဗင်တပ်စ်အသင်း ကြီးစိုးနေမှုကို ဖယ်ရှားဖို့အတွက် နည်းပြကွန်တီနဲ့ လက်တွဲသွားမှာ ဖြစ်ပါတယ်။ ဗီဒယ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အင်တာမီလန် အသင်းက မနေ့က တရားဝင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ “ဗီဒယ်ဟာ အင်တာမီလန်အသင်းရဲ့ တရားဝင်ကစားသမား ဖြစ်ပါပြီ။ ချီလီ ကစားသမားဟာ အသင်းကို အပြီးသတ်ရောက်ရှိလာခဲ့တာဖြစ်ပြီး သူဟာ အင်တာမီလန်အသင်းမှာ ကစားတဲ့ ၆ ဦးမြောက်‌ ချီလီကစားသမား ဖြစ်ခဲ့ပါပြီ”လို့ ရေးသားထားပါတယ်။ ဘာစီလိုနာအသင်းဘက်ကလည်း ဗီဒယ်ရဲ့ အပြောင်းအရွှေ့ကို အတည်ပြုပေးထားပြီး အသင်းသစ်မှာ အဆင်ပြေစေဖို့ ဆုတောင်းပေးထားပါတယ်။ ဗီဒယ်ဟာ ဂျူဗင်တပ်စ်အသင်းမှာ ၂၀၁၁ ကနေ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဗီဒယ်ဟာ ဂျူဗီအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၃ နှစ်ကြာ ကစားကာ ၂၀၁၈ မှာ ဘာစီလိုအသင်းကို ပေါင် ၁၈ သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဗီဒယ်ရဲ့ ဘာစီလိုနာ ကစားသမားဘဝ အစောပိုင်းနေ့ရက်တွေဟာ အောင်မြင်မှုရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီအတွင်း ဘာစီလိုနာအသင်းရဲ့ ခြေစွမ်း ကျဆင်းမှုတွေကြောင့် အသင်းကို ပြုပြင်ပြောင်းလဲမှုမှာ အသင်းကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ ဗီဒယ် မတိုင်ခင် ဘာစီလိုနာ ကစားသမားတွေ ဖြစ်တဲ့ ရာကီတစ်၊ အာသာ၊ ပီရတ်ဇ်နဲ့ ကူကာရီလာတို့ အသင်းကနေ ထွက်ခွာခဲ့ပြီး ဆီမီဒိုနဲ့ ဆွာရတ်တို့ဟာလည်း အသင်းကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေပါတယ်။
1 year Ago

September 22, 2020

အာဆင်နယ်ကွင်းလယ်လူ တော်ရိုင်းယားကို ခေါ်ယူရန် တီကိုနည်းပြ ဆီမြွန်နီ ချိတ်ဆက်

အက်သလက်တီကို နည်းပြ ဒီယေဂိုဆီမြွန်နီဟာ အာဆင်နယ်ကွင်းလယ်လူ တော်ရိုင်းယားကို ခေါ်ယူဖို့ ဖုန်းခေါ်ဆိုပြီး စကားပြောခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်ရှိ ဥရုဂွေးကွင်းလယ်လူ တော်ရိုင်းယားဟာ နည်းပြအာတီတာ လက်ထက်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး အသင်းပြောင်းရွှေ့ဖို့ ရှိနေတာပါ။ အာဆင်နယ်ဘက်ကလည်း ကွင်းလယ်ကစားသမားသစ်တစ်ဦး ခေါ်ယူလိုနေတာကြောင့် တော်ရိုင်းယားကို ရောင်းချဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အက်သလက်တီကိုနည်းပြ ဆီမြွန်နီဟာ တော်ရိုင်းယားဆီကို ဖုန်းဆက်ပြီး အသင်းပြောင်းရွှေ့လာဖို့ ကြိုးပမ်းခဲ့တယ်လို့လည်း  စပိန်သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။   တော်ရိုင်းယားဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အတွက် ၃၉ ပွဲ ကစားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ချာကာနဲ့ ဆီဘယ်လော့ အတွဲကိုပါ နည်းပြအာတီတာက ပွဲထွက် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အက်သလက်တီကို ကွင်းလယ်လူ သောမက်စ်ပါတေးကို ခေါ်ယူဖို့လည်း ဆန္ဒရှိနေပြီး တော်ရိုင်းယားနဲ့ အလဲအထပ်ပြုလုပ်ဖွယ် ရှိနေပါတယ်။
1 year Ago
More News
Up