ကွင်းပိတ် ကျင်းပ

August 8, 2020

အမျိုးသမီးချန်ပီယံလုပွဲ ပါဝင်သည့် WLC လက်ဝှေ့ပွဲ သြဂုတ်၂၈ ရက် ကွင်းပိတ် ကျင်းပမည်

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် WLC အဖွဲ့က စီစဉ်ကျင်းပမယ့် ၁၂ ကြိမ်မြောက် လက်ဝှေ့ပွဲစဉ်ကို သြဂုတ် ၂၈ ရက်နေ့ ပြန်လည်ကျင်းပသွားမှာဖြစ်ပါတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ပရိသတ်တွေ ဝင်ရောက်ကြည့်ရူခွင့်ရမှာမဟုတ်ဘဲ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီ ကျင်းပသွားမယ်လို့ သိရပါတယ်။  စုစုပေါင်း တွဲဆိုင်း ၇ ပွဲပါဝင်ပြီး မြန်မာနဲ့ထိုင်းနိုင်ငံတို့မှာ ၂ နေရာခွဲပြီး ကျင်းပသွားမှာဖြစ်ပါတယ်။  အဓိကတွဲဆိုင်းအဖြစ်  ဘင်တန်ဝိတ်တန်း ရွှေခါးပတ်လုပွဲအဖြစ် ပြင်သစ်လက်ဝှေ့မယ် ဆိုရိစ် မန်ဖရက်ဒီ နဲ့ စပိန်နိုင်ငံသူ မိုင်ရှာကတ်ဇ်တို့ ထိုးသတ်သွားမှာဖြစ်ပါတယ်။  ဒုတိယခေါင်ပွဲအနေနဲ့ မြန်မာကိုယ်စားပြု စိုးမင်းအောင်က ဥဇဘက်ကစ္စတန်က အာသာတီ နဲ့ ထိုးသတ်မှာဖြစ်ပါတယ်။  နိုင်ငံခြားသားတွေပါဝင်တဲ့ တွဲဆိုင်းတွေကို ထိုင်းနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး  အတည်မဖြစ်သေးတဲ့ ပြည်တွင်းတွဲဆိုင်းတွေကိုတော့ ပြည်တွင်းမှာပဲ ကျင်းပမှာဖြစ်ပါတယ်။ 
11 months Ago

February 25, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အင်တာမီလန်-လူဂိုဒိုးရက် ဘောလုံးပွဲ ကွင်းပိတ် ကျင်းပမည်

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အင်တာမီလန်အသင်းနဲ့ လူဂိုဒိုးရက်အသင်းတို့ရဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပွဲစဉ်ကို ကွင်းပိတ် ကျင်းပသွားမယ်လို့ သိရပါတယ်။  လက်ရှိအချိန်မှာ ဒီပွဲစဉ်အတွက် အင်တာမီလန်အသင်း၊ အီတလီအစိုးရနဲ့ UEFA တို့အကြား ဆွေးနွေးနေပါတယ်။ အင်တာမီလန်အသင်းဟာ ဗိုင်းရပ်စ် ပြန့်ပွားမှုအန္တရာယ်ကြောင့် ပြီးခဲ့တဲ့သီတင်းပတ်မှာ ပွဲစဉ် ရွှေ့ဆိုင်းလိုက်ရတဲ့ စီးရီးအေ ၄ သင်းထဲက တသင်းလည်း ဖြစ်ပါတယ်။ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုပေါင်း ၁၆၅ ခုအထိ ရှိနေပြီး ဒါဟာ ဥရောပဒေသမှာ ကူးစက်မှုအများဆုံးလည်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် မီလန်မြို့တွင်းက ကျောင်းနဲ့ ကောလိပ်များစွာကို တနင်္လာနေ့မှာ ပိတ်ပစ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးစနစ်တွေကတော့ ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။  ဒီပွဲစဉ်ကို ကြည့်ရှုဖို့အတွက် လူဂိုဒိုးရက် ပရိသတ် ၆၀၀ ကျော်ဟာ ဘူလ်ဂေးရီးယားကနေ မီလန်မြို့ကို ရောက်ရှိလာဖို့ ရှိနေပါတယ်။  အင်တာမီလန်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာလည်း ဂျူဗင်တပ်စ်အသင်းနဲ့ တူရင်မြို့မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲစဉ်မှာလည်း ဘယ်လို ကန့်သတ်ချက်မျိုး ပြုလုပ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။  ဒီနှစ်သင်းဟာ စီးရီးအေ ချန်ပီယံဆုအတွက် အပြိုင်ရေပန်းစားနေတဲ့ အသင်းနှစ်သင်း ဖြစ်ပြီးတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၁ နဲ့ ၃ နေရာတို့မှာ အသီးသီး ရပ်တည်နေပါတယ်။ ဗိုင်းရပ်စ် ပြန့်ပွားမှုအန္တရာယ်အတွက် စီးရီးအေ တာဝန်ရှိသူတွေဟာလည်း တနင်္လာနေ့က တွေ့ဆုံကြတာ ဖြစ်ပါတယ်။  ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့တဲ့ အီတလီနိုင်ငံရဲ့ လွမ်ဘာဒီနဲ့ ဗန်နီတိုဒေသတွေမှာ တင်းကျပ်စွာ စောင့်ကြည့်နေပြီး ဒေသခံ ၅၀၀၀၀ ဟာလည်း လာမယ့် သီတင်းပတ် နှစ်ခုအတွင်း အထူးခွင့်ပြုချက်နဲ့သာ အပြင်ထွက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒီဒေသနှစ်ခုအပြင် တခြားနေရာတွေမှာလည်း စီးပွားရေးလုပ်ငန်းတွေနဲ့ ကျောင်းတွေဟာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားရပြီး အားကစားပြိုင်ပွဲတွေကိုလည်း ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။  ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံမှာ လူပေါင်း ၇၇၀၀၀ နီးပါး ကူးစက်ခံခဲ့ရပြီး ၂၆၀၀ နီးပါး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ မဟုတ်တဲ့ တခြားနိုင်ငံတွေမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၂၀၀ ကျော် ရှိလာခဲ့ပြီး ၂၀ ကျော် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ တနင်္လာနေ့မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒီဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံတွင်း လူနှစ်ဦး ထပ်မံသေဆုံးခဲ့တာကြောင့် နိုင်ငံတွင်း သေဆုံးသူ အရေအတွက်ဟာ ၅ ဦးအထိ မြင့်တက်သွားပါတယ်။
1 year Ago
Up