အင်္ဂလန်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဟန်ဂေရီပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုနဲ့ တခြားဖြစ်ရပ်တွေအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ၂ ပွဲကွင်းပိတ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေပါ ချမှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်က ဟန်ဂေရီမြို့တော် ဘူဒါပတ်မှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဟန်ဂေရီ ပရိသတ်တွေက စတာလင်နဲ့ ဘယ်လင်ဂမ်ကို အဓိကထားပြီး လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ကြတာပါ။
အင်္ဂလန်အသင်းက ၄ ဂိုး ဂိုး မရှိနဲ့ အနိုင်ရခဲ့ပြီး ဂိုးသွင်းအပြီး အောင်ပွဲခံရာမှာလည်း ဟန်ဂေရီ ပရိသတ်တွေက အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ပါသေးတယ်။
ဟန်ဂေရီအသင်းအနေနဲ့ အနီးစပ်ဆုံး ကမ္ဘာ့ဖလား အိမ်ကွင်းပွဲစဉ်တစ်ပွဲကို ကွင်းပိတ်ကစားရမှာ ဖြစ်ပြီး နောက်ထပ်ကွင်းပိတ် ၁ ပွဲကိုတော့ ၂ နှစ်အတွင်းမှာ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ထားပါတယ်။
ပွဲအခြေအနေကို ပြန်လည်ကြည့်ရှုသုံးသပ်အပြီးမှာ လူမျိုးရေးခွဲခြားတဲ့စကားတွေ၊ လုပ်ဆောင်မှုတွေ၊ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်တာတွေ၊ မီးရှူးမီးပန်းတွေ ပစ်ဖောက်တာတွေ တွေ့ရှိရပြီး ၂ ပွဲ ကွင်းပိတ်ပြစ်ဒဏ်အပြင် ပေါင် ၁ သိန်း ၆သောင်းကိုလည်း ဒဏ်ငွေအဖြစ် ချမှတ်ကြောင်း ဖီဖာရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဖီဖာအနေနဲ့ ဘောလုံးပွဲတွေမှာ စက်ဆုပ်စရာဖြစ်ရပ်တွေနဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့ရင် လုံးဝသည်းခံမှာ မဟုတ်ကြောင်းလည်း ဖီဖာရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။