ကြံ့ခိုင်ရေးပါတီဌာနချုပ်

November 9, 2020

ကြံ့ခိုင်ရေးပါတီဌာနချုပ်နယ်မြေတွင် အန်အယ်လ်ဒီ ထပ်မံအနိုင်ရ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုဌာနချုပ်ရုံးတည်ရှိရာ နေပြည်တော်က ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းက ထပ်မံအနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက  ကြံ့ခိုင်ရေးပါတီက လည်/ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်ကို အနိုင်ရခဲ့တဲ့ ဦးသန့်ဇင်ထွန်းအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ထပ်မံအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မဲရုံပေါင်း ၂၁ ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၃၀,၀၀၀ ကျော်ရှိတဲ့ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှာ ဦးသန့်ဇင်ထွန်းက ၁၄,၅၄၀ မဲ ရရှိခဲ့ပြီး အဓိကပြိုင်ဘက်ဖြစ်တဲ့ ဦးမြင့်လှိုင်က  ၈,၅၇၂ မဲသာ ရရှိခဲ့ပြီး မဲကွာဟချက် ၅,၉၆၈ မဲ နဲ့ ဦးသန့်ဇင်ထွန်းက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဦးမြင့်လှိုင်ထက် မဲ ၂၀၀၀ လောက်နဲ့ အသာရခဲ့တဲ့ ဦးသန့်ဇင်ထွန်းအနေနဲ့ အခု ရွေးကောက်ပွဲမှာတော့ မဲ ၆၀၀၀ နီးပါး အသာရရှိခဲ့တာပါ။ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ ပြည်သူ့လွှတ်တော် ၈ နေရာ၊ အမျိုးသားလွှတ်တော် ၂ နေရာအတွက် ယှဉ်ပြိုင်ရာမှာ အန်အယ်လ်ဒီပါတီက ဒက္ခိဏသီရိမဲဆန္ဒနယ်အပါအဝင် နေရာအားလုံးနီးပါးမှာ အခြေအနေကောင်းနေပြီး ကြံ့ခိုင်ရေးပါတီကတော့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဝင်ပြိုင်တဲ့ ဇေယျာသီရိမဲဆန္ဒနယ်မှာ အနိုင်ရရှိထားပါတယ်။
1 year Ago
Up