ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တင်သွင်းသည့် အရေးကြီးအဆို လွှတ်တော် နာယက ပယ်ချ

December 11, 2020

ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းထား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအားလုံးနီးပါး ရွေးကောက်ပွဲကုန်ကျစရိတ်တွေ တင်သွင်းထားတယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းထွန်းဦးက ပြောပါတယ်။  ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ အနိုင်ရတဲ့သူရော ရှုံးနိမ့်တဲ့သူပါ ကုန်ကျစရိတ်တွေ တင်သွင်းရတာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ စရိတ်မတင်သွင်းသူတွေဟာ လာမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမှာဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီအနေနဲ့ ပြိုင်ဘက်ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေ တင်သွင်းတဲ့ ကုန်ကျစရိတ် စာရင်းတွေကိုစောင့်ကြည့်နေပြီး လိုအပ်ရင် ကန့်ကွက်လွှာတွေတင်သွင်းမယ်လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းတာနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတချို့ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ အများစုက ကုန်ကျစရိတ်တွေတင်သွင်းထားတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ကိုယ်စားလှယ်အများစုကတော့ ကုန်ကျစရိတ်တွေတင်သွင်းထားတယ်လို့ ပါတီဗဟိုအောင်နိုင်ရေးကော်မတီ တာဝန်ရှိသူက အတည်ပြုထားပါတယ်။  ကော့မှူးမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်ဟာ ကျပ် ၆၃ သိန်း ဝန်းကျင်ရှိပြီး  တာမွေမြို့နယ်ကနေ  ရွေးကောက်ခံရတဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကတော့ ကျပ်သိန်း ၃၀ ဝန်းကျင်ဖြစ်ပါတယ်။  ၈၈မျိုးဆက်တချို့ပါဝင်တဲ့ ပြည်သူ့ပါတီကလည်း ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေတင်သွင်းထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲအပေါ်ပြန်လည်သုံးသပ်နေပြီး ကြားဖြတ်ရွေးကောက်ပွဲတွေကိစ္စပြောဖို့ကတော့ အချိန်စောသေးတယ်လို့ ပြည်သူ့ပါတီ အတွင်းရေးမှူး  ဦးရဲနိုင်အောင်က ပြောပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်း ရွေးကောက်ပွဲအလွန်မှာ ပါတီတည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ ရှိလာရင်ပါဝင်ယှဉ်ပြိုင်မယ်လို့  ပါတီခေါင်းဆောင်  ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။ ရွေးကောက်ပွဲကုန်ကျစရိတ်တွေကို သက်ဆိုင်ရာကိုယ်စားလှယ်တွေက ရွေးကောက်ပွဲရလဒ်ထုတ်ပြန်ပြီး ရက်ပေါင်း ၃၀အတွင်း မပျက်မကွက်တင်သွင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၀ရက် နေ့မှာ ကြေညာထားတာပါ။ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီဟာ ရွေးကောက်ပွဲမှာ အသုံးစရိတ်ငွေကျပ် သိန်း ၁၀၀ ထက်မပိုပဲ သုံးစွဲဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကသတ်မှတ်ထားပြီး ကုန်ကျစရိတ်မတင်သွင်းသူတွေကို အရည်အချင်းပျက်ယွင်းသူတွေအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။
1 year Ago

August 12, 2020

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၁၁၂၉ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဟာ  လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းစုစုပေါင်း ၁၁၂၉ ဦး ဝင်ပြိုင်မယ်လို့ သြဂုတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ ပြည်သူ့လွှတ်တော် နေရာ ၃၂၀၊ အမျိုးသားလွှတ်တော် နေရာ ၁၆၅ နေရာ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်နဲ့ လူမျိုးစု မဲဆန္ဒနယ်  ၆၄၄ နေရာအတွက် ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီက လက်ရှိကိုယ်စားလှယ်လောင်းတွေ၊ ဒေသခံပြည်သူတွေနဲ့ ဒေသခံ ပါတီတာဝန်ရှိသူတွေ ကြိုက်နှစ်သက်သူနဲ့ ပညာတတ်တွေကို ဦးစားပေးရွေးချယ်ထားပြီး လူငယ်နဲ့ လူလတ်ပိုင်းက ရာခိုင်နှုန်းအများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကတော့ ဇေယျာသီရိမြို့နယ်က ဝင်ပြိုင်မှာဖြစ်ပြီး၊ ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးဝေလွင်၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းရှိန်၊ လယ်/ဆယ်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်တို့ကလည်း နေပြည်တော်ကောင်စီနယ်မြေထဲက မဲဆန္ဒနယ်တွေမှာ အသီးသီး ဝင်ပြိုင်ကြမှာပါ။ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီကတော့ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာက ဝင်ပြိုင်မှာဖြစ်ပြီး ဒုဥက္ကဋ္ဌဟောင်း ဦးဌေးဦးကလည်း သူရှုံးထား တဲ့ ဟင်္သာတမြို့နယ်မှာ ဝင်ပြိုင်ဖို့ရှိနေပါတယ်။   အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်မယ့် ကော့မှူးမြို့နယ်နဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ဝင်ပြိုင်မယ့်နေရာတွေမှာ ထိပ်တိုက်ရင်ဆိုင်မယ့် ကိုယ်စားလှယ်လောင်း တွေကို  ကြံ့ခိုင်ရေးပါတီဘက်က အရည်အချင်းနဲ့ လုပ်နိုင်စွမ်းအားယှဉ်နိုင်တဲ့ မျက်နှာသစ်တွေကို ရွေးထားတယ်လို့ဆိုပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဝင်ပြိုင်မယ့် တာမွေမြို့နယ်မှာတော့ ကြံ့ခိုင်ရေးပါတီက ပြီးခဲ့တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ရှုံးနိမ့်ထားတဲ့ ဦးမျိုးဝင်းကျော်ကိုပဲ ပြန်လည်ရွေး ချယ်ထားပါတယ်။ ကြံ့ခိုင်ရေးပါတီအနေနဲ့ အန်အယ်လ်ဒီပါတီပြီးရင် ကိုယ်စားလှယ်လောင်း အရေအတွက်  ဒုတိယအများဆုံးဝင်ပြိုင်တာဖြစ်ပြီး အာဏာရ အန်အယ်ဒီပါတီကတော့ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးဝင်ပြိုင်မှာ ဖြစ်ပါတယ်။ သတင်း - ထက်ဝေအောင်
1 year Ago
More News
Up